(ကျွန်တော်မနေ့ က ကိုစောကြီးမှတဆင့် စာမူတစ်ခုလက်ခံရရှိပါတယ်။ စာရေးသူကတော့ 97(MP) မှ ကိုပြောင်ကြီးဖြစ်ပါတယ်။ ကျွန်တော့ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးစေ၍ ကျောင်းသို့  လွမ်းလွမ်းဆွေးဆွေး ပြန်လည် အမှတ်ရစေပါတယ်။ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။ ကျွန်တော့ရှိတဲ့ ဓါတ်ပုံလေးဖြည့်စွက်ပြီး တင်ပေးလိုက်ပါတယ်။)
ကျွန်တော်တို့ ကျောင်းတော်ကြီး
မော်လမြိုင်ကနေပြီး နာရီဝက်လောက်ကားစီးရင် ရောက်ပါတယ်။
မုဒုံနဲ့ မော်လမြိုင် ကြား တ၀က်တိတိမှာ ရှိပါတယ် ။
နာမည်ကြီးတဲ့ ဖားအောက်တောရကျောင်း အနီးမှာ ရှိပါတယ်။
ကျောင်းရှေ့မှာတော့ ကျောင်းသားတွေ အမြဲအားထားရတဲ့ အမြဲနောက်ကျတတ်တဲ့ အမြဲရန်ဖြစ်ရတဲ့ အမြဲတွယ်စီးရတဲ့ အမြဲ………… အမြဲ………… အမြဲ………… အမြဲပေါင်းမြောက်မြားစွာနဲ့ နာမည်ကြီး (၈) ကားနဲ့ ကျောင်းသားတိုင်း အကြွေးစားလေ့ရှိတဲ့ (ကျောင်းသူများကို မဆိုလိုပါ) ချစ်စရာကောင်းတဲ့ သတိရစရာကောင်းတဲ့ ……..တဲ့……..တဲ့……..တဲ့ စားသောက်ဆိုင်လေးတွေရှိပါတယ်။
တခါတလေကျရင် စိမ်းစိုနေပြီး တခါတလေကျရင် အရိုးပြိုင်းပြိုင်းကျတတ်တဲ့ ရာဘာတောလေးလည်း ရှိပါတယ်။
အမြဲတန်း လန့်လန့်ပြီးပြေးတတ်တဲ့ မြင်းတစ်ကောင်ရှိတဲ့ မြင်းလှည်းဂိတ်သေးသေးလည်း ရှိပါသေးတယ်။
တစ်ယောက်တည်းစီးရင် နောက်ကထိုင်ရတဲ့ မွန်မလေးတွေ စီးတဲ့ ဆိုက်ကားဂိတ်လေးလည်း ပါသေးပါတယ်။ ကျောင်းသူများကတော့ ရှေ့ကပဲ စီးမယ်လို့ ထင်ပါတယ်။
ကဲ .. ကျောင်းထဲဝင်ရအောင်
ဝင်ဝင်ချင်းကတော့ ဂိတ်စောင့်အဆောက်အဦးလေးပေါ့ ညာဘက်မှာလေ…..ပြီးရင်..ညဘက်ညဘက် ကျောင်းသားတွေ ထိုင်တတ်တဲ့
ဆရာစိန်ကုလားဆိုင်………ဘယ်ဘက်မှာက ကျောင်းအုပ်ဆရာကြီးအိမ်နှင့် ဆရာ/ဆရာမတွေအိမ်များ..
လမ်းတလျှောက် ညာဘက်မှာ စာသင်ခန်းတွေနဲ့ ပုံဆွဲခန်းတွေပါ။
တည့်တည့်ဆက်လျှောက်ရင်တော့ ကျွန်တော်တို့ရဲ့ ရွှေဟင်္သာဟောကြီးပေါ့။ ဟောကြီးရဲ့ ညာဘက်မှာ တော့ စာသင်ခန်းတွေလေ….
ပြီးရင်တော့ ချစ်စုံတွဲတိုပျော်စံရာ ချစ်ရာဘာတောကြီးပါ………..
အတွဲမရှိတဲ့သူတွေအဖို့တော့ ချက်စတောင်း တဲ့ ကွင်းပြင်ကြီး……..(ကိုစောကြီးတို့ အကြိုက်ပေါ့) :D
ညာဘက် မှာတော့ MO ရောက်ရင် ကြေညာပေးတဲ့ စာခိုးချရင် ကြေညာပေးတဲ့ ကျောင်းထုတ်ရင် ကြေညာပေးတဲ့ ……. ကြေညာပေးတဲ့
………….. ကြေညာပေးတဲ့ …….. ကြေညာပေးတဲ့ ချစ်စရာ၊ မုန်းစရာ၊ ပျော်စရာ………….ကောင်းတဲ့ ဘလက်ဘုတ် ကြီးရှိသော ကျွန်တော့
တို့ရဲ့ ကျောင်းရုံးခန်းပါ။
ဆက်သွားရင် ဘယ်ဘက်မှာ Workshop အဆောင်တွေကို တွေ့ရပါမယ်…...ဪ...မေ့လို့ Volley Ball ကွင်းလည်းရှိတယ်နော်။
ပြီးရင်တော့ ကောင်မလေးတွေလာရင် ရာရှီဘေ… ရာရှီဘေ လို့ အော်တတ်တဲ့ ချစ်စရာကောင်းသော (မချစ်ရင်လဲ ရပါတယ် :p)
ဒက္ခိဏအဆောင်သားတွေရှိတယ်။
ဆက်သွားလို့ မအော်တော့ဘူးမထင်ပါနဲ့ အပေါ်ဆောင်ကကောင်တွေ အော်လိမ့်မယ်…… ညာချိုးရင် Civil နဲ့ M.P ဘောလုံးကန်တိုင်း ရန်ဖြစ်ကြတဲ့ ပတ်ပတ်လည်မှာ ထိုင်ခုံမရှိဘဲ ချုံပုတ်နဲ့ ဆူးပင်တွေ သင်္ချိုင်းကုန်းနဲ့ ယူကလစ်ပင်တွေပဲ ရှိသော ကျွန်တော်တို့ ရဲ့ဂုဏ်ဆောင် Old Trafford ကွင်းကြီး ရှိနေမယ်။ ဘောလုံးမကန်သေးဘူးလေ……..ဒီတော့ ဘယ်ချိုးရအောင်….ဗဟိုဆောင် ပါ ။ ပြီးရင် ဥတ္တရ ……..
ဥတ္တရဆောင်ရဲ့ ညာဘက်မှာတော့ ………သြော…..…….ဟေ့လူတွေ ဒါတော့ မှတ်မိတယ်ပေါ့..။
ဟုတ်ပါတယ် သီရိမွန်(၂) ပါ။
သီရိမွန်ထဲ မ၀င်တော့ဘူးနော် ၀င်ရင်ကျောင်းထုတ်ခံရမှာပေါ့။ ဒါပေမယ့် သူခိုးအကြောင်းပြပြီး ၀င်သွားတဲ့သူတွေရှိတယ်…(ဘယ်သူတွေလဲ မှတ်မိတယ်နော်) ။ ကဲ ဆက်လျှောက်ရအောင် တော်ကြာဒီနားမှာပဲ လည်နေတယ်လို့ ပြောခံနေရအုံးမယ်…
ဥတ္တရဆောင်နှင့် မျက်နှာချင်းဆိုင်မှာတော့ နီနီဝင်းရွှေ ၀ါဝါ၀င်းရွှေ တို့ပျော်စံရာ ၊ ရွှေခေါင်းပြောင် တို့ပျော်စံရာ ၊ နောက်ကျရင် အရည်ကျဲကျဲ
လေးပဲ ရတတ်သော ၊ အဆီတုံးကြီးပဲ ရတတ်သော ကျွန်တော်တို့ ရဲ့ဂုဏ်ဆောင် စားသောက်ဆောင်ကြီး ကို ရောက်ပါပြီခင်ဗျာ။
နောက်ကျတဲ့လူတွေအတွက်ကတော့ စေတနာကောင်းကောင်းနဲ့ အသုပ်ကောင်းကောင်းကို နည်းနည်းလေးပဲ ထည့်ပေးတတ်တဲ့ အန်တီကြီးနှင့် သမီးများ ဆိုင်မှာ ၀ယ်စားနိုင်ပါတယ်။ နောက်မှ ကောင်းကောင်းစားရအောင်..အခု သီရိမွန်(၁)ဘက် ဆက်သွားရအောင်..
တော်ကြာ တစ် သူတွေ စိတ်ဆိုးနေလိမ့်မယ်။ ..ဪ. မှားလို့ ..(၁)။
သီရိမွန်(၁)ကိုမရောက်ခင် ကျောင်းမီးစက်ထားတဲ့ အခန်းကိုညာဘက်မှာတွေ့ရလိမ့်မယ်။
ကျွန်တော်တို့နှစ်မှာ အဲဒီမီးစက်ကြီးတစ်ခါပဲ နှိုးရတာတွေ့ဘူးတယ်။ ဂုဏ်ယူစရာကြီးနော် ရန်ကုန်နဲ့များ ကွာပါ့။
ဒါပြီရင်တော့ ရောက်ပါပြီ သီရိမွန်(၁)ကို။
ကဲ..သူငယ်ချင်း…. မင်းဝင်ချင်ရင်..၀င်တော့ ……ငါတော့ကြောက်တယ်။ စာသွားသင်တော့မယ်။
ပြီးပါပြီ။
ပြောင်ကြီး
(97-MP)
No comments:
Post a Comment