Sunday, 25 October 2009

စက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) သမိုင်း အကျဉ်း

(ဤသမိုင်းအကျဉ်းကို ၁၂ ကြိမ်မြောက် ဂျီတီအိုင်ကျောင်းသားကျောင်းသူဟောင်းများ အာစရိယပူဇော်ပွဲ အမှတ်တရအဖြစ်ထုတ်ဝေသော ဂျီတီအိုင် ပုံရိပ်သမိုင်းမှတ်တမ်းများ စာအုပ်မှ ထုတ်နှုတ်ထားခြင်း ဖြစ်ပါသည်။ စာအုပ်ကို သမိုင်းပြုစုရေးကော်မတီမှ ကန့် သတ်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး မော်လမြိုင် GTI/GTC/GTU ကျောင်းသားကျောင်းသူများ ဗဟုသုတရစေရန် ရည်ရွယ်၍ ဖော်ပြအပ်ပါသည်။)




DSC01307

(၁) ကျောင်းစတင်ဖွင့်လှစ်ခြင်း

မော်လမြိုင်စက်မှုလက်မှုသိပ္ပံကျောင်းကို ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းဝင်းသည် အကျယ်အဝန်း ၂၃၂.၆၂ ဧကရှိပြီး စက်မှုစိုက်ပျိုးနှင့် အသက်မွေးပညာဦးစီးဌာနမှ တာဝန်ယူဖွင့်လှစ်ခဲ့ခြင်းဖြစ်၏။ ကျောင်းဝင်းအတွင်းတွင် စာသင်ဆောင်နှစ်ဆောင်၊ ဝပ်ရှော့အဆောက်အဦး၊ ဝပ်ရှော့ငယ်နှင့် စတိုခန်း၊ ကျောင်းခန်းမ၊ ဓါတုဗေဒနှင့် ရူပဗေဒစမ်းသပ်ခန်း၊ ကျောင်းအုပ်ကြီးရုံးခန်း၊ စာကြည့်တိုက်နှင့် ကျောင်းသားအိပ်ဆောင် လေးဆောင် တည်ရှိပါသည်။  ထို့ ပြင် ကျောင်းအုပ်ကြီးနေအိမ်၊ ဆရာများဆောင်၊ အမှုထမ်းများတန်းလျား စသည်တို့ လည်း တည်ရှိ၏။

(၂) ပထမဆုံး ကျောင်းအုပ်ကြီး

ကျောင်းစဖွင့်လှစ်စဉ် အလုပ်ရုံမှုး (Workshop Superintendent) ဆရာ ဦးဌေးဝင်းအား တာဝန်ခံကျောင်းအုပ်အဖြစ် ခန့်  အပ်ခဲ့ ပါသည်။ ဆရာဦးဌေးဝင်းသည် ကျောင်းအုပ်ဆရာကြီးအဖြစ် ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ မှ ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ခဲ့၏။

ဆရာကြီး ဦးဌေးဝင်း လက်ထက်တွင် ရေနှင့်လျှပ်စစ်မီး သွယ်တန်းရေး၊ ခြံစည်းရိုး၊ ချဉ်းကပ်လမ်း စသည့်လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ဖွဲ့  စည်းပုံ အရ ဝန်ထမ်းအင်အား ၉၁ ဦးအထိ ပြည့်မှီအောင်ခန့် အပ် စီစဉ်ခဲ့သည်။

(၃) ကျောင်းအုပ်ကြီး အပြောင်းအလဲ

၁၉၈၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ တွင် မော်လမြိုင်ဂျီတီအိုင် ကျောင်းအုပ်ကြီးအဖြစ် ဆရာကြီး ဦးအောင်သန်းအား ခန့် အပ်ခဲ့ ပါသည်။ ဆရာကြီး ဦးအောင်သန်းသည် B.Sc Engg.(Mechnical) ဘွဲ့ ရဖြစ်ပြီး ၁၉၈၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်အထိ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဆရာကြီး ဦးအောင်သန်းလက်ထက်တွင် မော်လမြိုင်စက်မှုလက်မှုသိပ္ပံ ကျောင်းကြီး အဖက်ဖက်မှ တိုးတက်လာခဲ့သည်။ ဆရာကြီး ဦးအောင်သန်းမှာ ယခုအခါ ကွယ်လွန်သွားပြီ ဖြစ်ပါသည်။

(၄) ကျောင်းအုပ်ဆရာကြီး ဦးသန်းဆွေ

ဆရာကြီး ဦးသန်းဆွေသည် ဆရာကြီး ဦးအောင်သန်း၏ ရာထူးကို ဆက်ခံလျှက် ၁၉၈၆ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့ တွင် ကျောင်းအုပ် ဆရာကြီးအဖြစ် ခန့် အပ်ခံခဲ့ရသည်။ ဆရာကြီးသည် A.G.T.I (Civil) ဒီပလိုမာရ ကျောင်းအုပ်ဆရာကြီး ဖြစ်ပါသည်။

ဆရာကြီး ဦးသန်းဆွေကို ၁၉၃၉ ခုနှစ်၊ မေလ ၁၀ ရက်နေ့ တွင် ဦးဟိန်ရင်နှင့် ဒေါ်ကြင်နုတို့ ဖွားမြင်ပါသည်။ ဇာတိမှာ သထုံခရိုင်၊ ပေါင်မြို့ ဖြစ်သည်။ ဆရာကြီးသည် မော်လမြိုင်မြို့  မော်တလိန်းကျောင်းမှ အလယ်တန်းအောင်မြင်ပြီးနောက် ၁၉၅၆ ခုနှစ်တွင် မော်လမြိုင်မြို့ စက်မှု အထက်တန်း ကျောင်းသို့  တက်ရောက်ခဲ့သည်။ ထို့ နောက် ၁၉၅၈ ခုနှစ်တွင် အင်းစိန်စက်မှုလက်မှုသိပ္ပံတွင် မြို့  ပြ ဘာသာရပ်ဖြင့် ကျောင်းသို့  တက်ရောက် သင်ကြားခဲ့၏။

၁၉၆၂ ခုနှစ်တွင် A.G.T.I (Civil) ဒီပလိုမာရရှိပြီးနောက် ကရင်ပြည်နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း (P.W.D) တွင် ဒုတိယလက်ထောက်အင်ဂျင်နီယာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့၏။ ထို့ နောက် ရုရှားနိုင်ငံသို့  ခြောက်နှစ်ကြာပညာတော်သင် သွားရောက်ခဲ့ပြီး M.Sc Engg.cons;technology ဘွဲ့ ရရှိခဲ့သည်။ နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာပြီးနောက် ဆောက်လုပ်ရေးကော်ပိုရေးရှင်းတွင် ဦးစီးအရာရှိ(တ)အဖြစ် အမှုထမ်းခဲ့ပါသည်။

ထို့ နောက် ၁၉၇၁ ခုနှစ်တွင် မန္တလေးဂျီတီအိုင်၊ ထို့ နောက် ၁၉၇၇ ခုနှစ်တွင် ချောက်ဂျီတီအိုင်တို့ တွင် ထာဝန်ထမ်းဆောင်ခဲ့၏။ ၁၉၇၈ ခုနှစ်တွင် မော်လမြိုင် စက်မှုလက်မှုသိပ္ပံသို့  ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ ခန့် အပ်ခံခဲ့ရခြင်း ဖြစ်သည်။

ဆရာကြီး ဦးသန်းဆွေသည် မော်လမြိုင် ဂျီတီအိုင်ကျောင်းအုပ်အဖြစ် ၁၉၉၂ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ကာ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနသို့  လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့ ခဲ့ရ၏။ ၁၉၉၉ ခုနှစ်တွင် ဆရာကြီး အငြိမ်းစား ယူသွားပါသည်။

(၅) ကျောင်းအုပ် ဆရာကြီး အဆက်ဆက်

ကျောင်းအုပ်ဆရာကြီး ဦးသန်းဆွေပြောင်းရွှေ့ သွားပြီးနောက် ဆရာဦးမျိုးလွင် တာဝန်ခံကျောင်းအုပ်ဖြစ်လာပါသည်။ ဆရာဦးမျိုးလွင်သည် ၁၉၉၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ နောက် ဆရာဦးမြင့်ဌေး ကျောင်းအုပ်ဆရာကြီး ဖြစ်လာသည်။ ဆရာဦးမြင့်ဌေးသည် ၁၉၉၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့  နောက် ဦးကျော်ဝင်းသန်း ကျောင်းအုပ်ဆရာကြီး ဖြစ်လာခဲ့သည်။

ဆရာကြီး ဦးကျော်ဝင်းသန်းသည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ အထိ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့ရပြီး ဆရာကြီး ဦးဌေးအောင် ကျောင်းအုပ်ဖြစ်လာခဲ့သည်။ ၁၉၉၅ ခုနှစ်၊ အင်းစိန်စက်မှုလက်မှုသိပ္ပံ ရာပြည့်အခမ်းအနားကျင်းပချိန်တွင် မော်လမြိုင်စက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ဆရာကြီးမှာ ဦးဌေးအောင်ဖြစ်ပါသည်။ ဆရာကြီး ဦးဌေးအောင်သည် ၁၉၉၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ အထိ ကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၆) နည်းပညာကောလိပ်အဖြစ် ပြောင်းလဲသွားခြင်း

မော်လမြိုင် စက်မှုလက်မှုသိပ္ပံတွင် ကျောင်းအုပ်ဆရာကြီး ဦးဌေးအောင် တာဝန်ယူဆဲကာလ ၁၉၉၉ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ တွင် အစိုးရနည်းပညာကောလိပ်အဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ပါသည်။ နည်းပညာကောလိပ်အဖြစ် ပြောင်းလဲသွားသောအခါ အင်ဂျင်နီယာပညာရပ်များအပြင် သတင်းနည်းပညာသင်တန်းကဲ့သို့ သော အခြားဘာသာရပ်သင်တန်းများ ပါဝင်လာပါသည်။ ထို့  နောက် ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ တွင် နည်းပညာတက္ကသိုလ်အဖြစ် ပြောင်းလဲသွားပါသည်။

No comments:

Post a Comment