Saturday, 28 March 2009

အမှတ်တရ မတ် ၂၂

(အမှန်တော့ ဒီပို့ စ်လေးကို မနန္ဒာက မတ်လ(၂၂)ရက်နေ့ ကိုသောင်းဆွေဝင်းမွေးနေ့ အထိမ်းအမှတ်ရေးခဲ့တာပါ။ ဒီဖက်ဆိုဒ်မှာလည်း ရှိသင့်တယ်ထင်လို့  တင်လိုက်ပါတယ်။)



၂၀၀၆ ခုနှစ် တိုပါးယိုးဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ မြန်မာနှစ်သစ်ကူး သင်္ကြန်။
စင်ကာပူရောက်ခါစ မို့ အရမ်းအံ့သြပြီးအရမ်းကို ပျော်ခဲ့ရတဲ့ သင်္ကြန်ပါ။ ရေခြားမြေခြားပေမယ့် အမူအကျင့်နဲ့ သဒ္ဒါတရားမခြားနိုင်ခဲ့တဲ့ မြန်မာတွေရဲ့ချစ်စရာ စိတ်ဓာတ်အတွက် အရမ်းကိုဂုဏ်ယူခဲ့မိတယ်။ ရေစိုစိုနဲ့ စတုဒီသာကျွေးတဲ့ ရိုးရာမုန့်တွေကို စိတ်တိုင်းကျ အားရပါးရ စားနေတုန်း 'ဟဲ့ကောင်မလေး ငါ့ကို မှတ်မိလား ' ဆိုတဲ့အသံကြောင့် လှမ်းကြည့်မိလိုက်တော့....။ အင်း မှတ်မိတာပေါ့ ဘယ်လိုမေ့မှာလဲ ကျောင်းတုန်းက နာမည်ကျော် ဂျင်းဘောင်းဘီပဲအမြဲဝတ်ပြီး လမ်းသလားနေကျ လူကြီးလေ။ ကျောင်းတုန်းကဆို စကားတောင်တစ်ခွန်းမှ ပြောဖူးတာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်အမိကျောင်းတော်ကြီးကမွေးပြီး ဒီလိုနေရာမှာ ပြန်လာတွေ့ခွင့်ရတော့ ဘာပဲပြောပြော ၀မ်းသာမိခဲ့တယ်။ ဖုန်းနံပါတ်တွေဘာတွေ ပေးပြီး အဲဒီလူကြီးက ငါတို့ကျောင်းက နောက်ထပ်ကောင်မလေးတစ်ယောက်လည်း ငါတွေ့လိုက်တယ်တဲ့။ ဟုတ်ပါတယ် နန္ဒာလည်း တွေ့ပြီးပါပြီ။ B Tech မှာ အတန်းတူခဲ့တဲ့ သင်းယုဆွေ ပါ။ အဲဒါနဲ့ပဲ ဘာမှဆက်မပြောဖြစ်ကြပဲ အဆက်အသွယ် ပြတ်သွားလိုက်တာ မရွှေဇာ ကျောင်းတက်ခွင့်ရတယ်ဆိုတဲ့ အကြောင်းလှမ်းအကြောင်းကြားမှပဲ ပြန်ပြီး အဆက်အသွယ်လုပ်ဖြစ်ကြပါတယ်။ နောက်ပိုင်းကျတော့ ဒီလိုပဲ တခါတလေ ဖုန်းပြောဖြစ်ကြပေမယ့် မထူးဆန်းတဲ့အကြောင်းအရာတွေပါ။ နောက်ထပ်အရှုပ်ထုပ်လေး ဇော်ရှင်း ကျောင်းတက်ခွင့်ရတော့ ပိုပြီး ဆုံဖြစ်ခဲ့ကြတယ်။ နောက်ထပ်ပိုပြီး သိခွင့်ရခဲ့တဲ့ အဲဒီလူကြီးရဲ့ အကြောင်းကတော့ မော်လမြိုင် GTI ကနေ ဘွဲ့ရခဲ့ပြီး စင်ကာပူမှာ ကျောင်းဆက်တက်နေခဲ့တဲ့ ကျောင်းဆက်တက်ခွင့်ရအောင်ကြိုးစားခဲ့ကြတဲ့ ကျွန်မတို့ အတွက် သူက အရမ်းကိုဂုဏ်ယူနေခဲ့တာတဲ့လေ။

(ဆက်လက်ဖတ်ရှုရန် more ကိုနှိပ်ပါ။)
စိတ်ထဲမှာတော့ အဲဒီလူကြီး မဆိုးပါဘူး ကျောင်းတုန်းကထက် တိုးတက်လာသားပဲပေါ့။ (ကိုယ်တွေအတွက် ဂုဏ်ယူတယ်ဆိုတာနဲ့ပဲလေ ဟီး။) ဆုံဖြစ်ကြတဲ့ တစ်ရက်မှာတော့ သူ့ကို နန္ဒာ့ရဲ့ စိတ်ကူးတစ်ခုကို ပြောပြမိတယ်။ ကျောင်းပြီးလို့ အလုပ်ဝင်ဖြစ်ကတည်းက ရင်ထဲမှာ ဖြစ်လာတဲ့ဆန္ဒလေးပါ။ အသက်အရွယ်ကြီးမြင့်လို့ ပင်စင်ယူသွားပြီး ဘ၀ကို အဆင်ပြေသလို ရုန်းကန်နေခဲ့ရတဲ့ ဆရာ ဆရာမ ကြီး တွေရယ် ပင်စင်မယူရသေးပေမယ့် ရတဲ့လစာနည်းနည်းလေးနဲ့ အဆင်ပြေအောင်နေနေရတဲ့ ဆရာဆရာမတွေရဲ့ ဘ၀တွေအတွက် တခါတခါ ခေါင်းထဲမှာ စဉ်းစားမိတာလေးတွေပေါ့။ ကျောင်းသားတွေကတော့ ဘ၀ကို ကောင်းသထက်ကောင်းအောင် ပိုအဆင်ပြေနိုင်မယ့်နည်းလမ်းကိုရှာဖွေ ပြီး ဆက်လျှောက်နိုင်ကြတဲ့အချိန်မှာ ဆရာဆရာမတွေက တော့ နောက်ထပ်အဲဒီလိုလျှောက်လှမ်းနိုင်မယ့် ကျောင်းသူကျောင်းသားတွေကို အနည်းဆုံးသော မလောက်ငှသော သူတို့ရဲ့ ၀င်ငွေကို ပဓာနမထားပဲ စေတနာအပြည့်နဲ့ ဆက်ပြီး ပညာတွေ ဝေငှနေတုန်းပဲ မဟုတ်လား။ အဲဒီ့အတွက် နန္ဒာတို့ တတ်နိုင်တဲ့ဘက်က တခုခု သူတို့အတွက် ပြန်ပြီး ဖြည့်ဆည်းပေချင်မိတယ်။ ဒါပေမယ့် ဆန္ဒ သာရှိတာ ။ အကောင်အထည်ဖော်ဖို့က အရမ်းကို ခက်ပါတယ်။ ဘာလို့လည်း ဆိုတော့ နန္ဒာက ကျောင်းမှာကတည်းက သူများမျက်စိနောက်ရုံလောက်ပဲ နေတတ်ခဲ့ပြီး ဘာမှအဖြစ်ရှိတာတွေ မလုပ်တတ်ခဲ့လို့ပါ။ အဲဒါနဲ့ပဲ ဒီမှာအခြေကျပြီး အဆင်ပြေပြေလေးဖြစ်နေတဲ့ သူ လေးငါ ဆယ်ယောက်လောက် စုလို့ရရင်ပဲ မဆိုးလှဘူးလို့ တွေးပြီး အဲဒီလူကြီးကို တိုင်ပင်မိခဲ့တာပါ။ သူ့ရဲ့ တစ်ခွန်းတည်းသော တုန့်ပြန်စကားက 'ညည်း မှာ အဲဒီလို စိတ်ကူးကောင်းလေး ရှိနေမယ်လို့ ငါတကယ်မထင်ထားဘူးတဲ့ တော်တော်ကောင်းတဲ့ စိတ်ကူးလေးပါတဲ့ ' ။ (အဲဒါသာ ကြည့်)။ အဲဒီနောက်ပိုင်း အဲဒီလူကြီး ဘယ်လိုများ ဘယ်သူတွေကို ဘယ်လို စည်းရုံးလိုက်တယ်မသိဘူး။ ငါတို့ လူစုပြီး တနေရာမှာ စုံကြမယ် အဲဒီ့စိတ်ကူးအတွက် ဆွေးနွေးကြမယ်တဲ့ ဆိုပြီး ပထမဦးဆုံး အစည်းအဝေးကို စင်ကာပူ မြို့တော်ခန်းမရှေ့မှာ စ ဖြစ်ခဲ့ကြရာက အခုဆိုရင် နှစ်ပတ်လည်ခဲ့ပါပြီ။ အစည်းအဝေးပေါင်း များစွာလုပ်ပြီးခဲ့သလို ဆရာဆရာမ ဦးရေ ၆၀ ကျော်ကို တစ်ဦးလျင် မြန်မာကျပ်ငွေ တစ်သိန်းနီးပါး ဆိုတဲ့ငွေနဲ့ လည်း အဝေးကနေ လှမ်းပြီး ပူဇော်ကန်တော့ခွင့် ရခဲ့ကြပါပြီ။ ဒီလို တနှစ်ဆိုတဲ့အချိန်ကာလနဲ့ အဲဒီလောက် ဆရာဆရာမ အများကြီးကို ကန်တော့နိုင်ဖို့ဆိုတာ နန္ဒာတစ်ယောက်တည်းနဲ့ မတတ်နိုင်သလို အဲဒီလူကြီးလည်း သူတစ်ယောက်တည်း မတတ်နိုင်ခဲ့ပါဘူး။ အမိကျောင်းတော်ကြီးက မွေးထုတ်လိုက်ပြီး အမိကျောင်းတော်ကြီးကို ချစ်တဲ့ နန္ဒာတို့ အားလုံးရဲ့ စည်းလုံးမှုကသာ တတ်စွမ်းနိုင်ခဲ့တယ် ဆိုတာ အမှန်တရားပါ။ အခုဆိုရင် တစ်လတစ်ခါလုပ်တဲ့အစည်းအဝေးကိုအချိန်ပေးပြီး လာရောက်ဆွေးနွေးကြတဲ့ သူငယ်ချင်းတွေရယ် တတ်နိုင်သလောက် ချွေးနှဲစာထဲက ရအောင်ပါဝင်နေခဲ့ကြတဲ့သူငယ်ချင်းတွေရယ် အရေးကြီးဆုံး တာဝန်တစ်ခုဖြစ်တဲ့ ဆရာဆရာမများကိုကိုယ်တိုင်ကိုယ်ကျ (ဘယ်နေရာပဲဖြစ်ဖြစ်) သွားရောက် တွေ့ဆုံကန်တော့ဖို့ တာဝန်ယူပေးထားတဲ့ ကိုစောကြီးရယ် အဲဒီလူတွေကြောင့်သာ နန္ဒာတို့ အခုလို စည်းစည်းလုံးလုံးနဲ့ အောင်မြင်အောင်လုပ်နိုင်ခဲ့ကြတာပါ။ အဲဒီလို အားလုံးစည်းစည်းလုံးလုံး ဖြစ်သွားအောင် အဲဒီလူကြီး စည်းရုံးခဲ့တာပေါ့။ သူတစ်ယောက်တည်း နန္ဒာတစ်ယောက်တည်း မတတ်နိုင်ဘူးဆိုပေမယ့် သူငယ်ချင်းအားလုံး စုစည်းပြီးရင်တော့ တတ်နိုင်တယ်ဆိုတာ အားလုံးသိတဲ့အမှန်တရားပါ။ အဲဒီ့ အမှန်တရားအတွက် အဲဒီလူကြီး သူငယ်ချင်းတွေကို လစဉ်လတိုင်း ရအောင်ခေါ်တယ် သူ့အိမ်မှာ အစည်းအဝေးလုပ်ပြီး တစ်ခုခုကျွေးတယ်(အဲဒါက အဓိက) ဒီတစ်လတော့ဖြင့် ဘယ်ဆရာဆရာမတွေကိုရွေးတယ် ဘယ်သူကေ



တာ့ဖြင့် ဘယ်နိုင်ငံကနေ ဘယ်လောက်လှမ်းပြီး ကန်တော့တယ် စသည်စသည်နဲ့ ပဲ အခု တနှစ်ဆိုတဲ့ အချိန်ကို ရောက်ခဲ့ပါပြီ။ နန္ဒာ ယုံမိတာလေးရှိပါတယ်။ သူငယ်ချင်းအားလုံးလည်း နန္ဒာ့လိုပဲ အဲဒီလူကြီးကို အဲဒီလူကြီးရဲ့ ဦးဆောင်ပေးမှုကို အရမ်းကျေးဇူးတင်ကြမယ်ဆိုတာလေ။ ဘာပဲပြောပြော နန္ဒာတို့အားလုံးရဲ့စည်းလုံးမှု တနှစ်တိုင်ခဲ့ပါပြီ။ ဒီနေ့ အဲဒီလူကြီးရဲ့ မွေးနေ့ပေါ့ ။ အမှတ်တရအနေနဲ့ ဒီပို့စ်လေးက အားလုံးကိုယ်စား နန္ဒာပေးတဲ့ မွေးနေ့လက်ဆောင်လို့ပဲ သဘောထားပေးပါ သောင်းသောင်းရေ။ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးမှာ မိသားစုနဲ့တကွပျော်ရွှင်နိုင်ပါစေလို့ နော်။

အမိကျောင်းတော်ကြီးနဲ့ သူငယ်ချင်းအားလုံးရဲ့ ကိုယ်စား
နန္ဒာ

2 comments: