Wednesday, 18 November 2009

ကျွန်တော်ဖြတ်သန်းခဲ့သော နေ့ ရက်များ(၁)

(ဒီဆိုဒ်အတွက်ဘာရေးရင်ကောင်းမလဲလို့စဉ်းစားနေတုန်းရေးခဲ့ဖူးတဲ့ကျောင်းသားဘဝအပိုင်းအစလေးတွေကိုပြန်လည်သတိရမိပါတယ်။ ကျွန်တော်ဖြတ်သန်းခဲ့သောနေ့ရက်များလို့နာမည်ပေးထားပြီး ဒါတွေကို အဆင်ပြေသလိုတင်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။ ပျင်းရိငြီးငွေ့  စရာကောင်းနေရင်တော့ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုသာဖြစ်ပြီး စိတ်ရှည်သည်းခံပေးပါလို့ ကြိုတင်တောင်းပန်အပ်ပါတယ်။)

လေးစားစွာဖြင့်....

Min Thu(99,EP)

DSC_0460




အပိုင်း(၁)

ကျွန်တော်နှင့် ကျောင်းတော်ကြီး

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရရှိခဲ့ဖူးတဲ့ ကျောင်းသားဘဝ အရသာကို အခုပြန်လည် တမ်းတပြီး မှတ်မိသမျှ ဖော်ထုတ် ရေးသားချင်စိတ်က လက်ရှိ ဒီနိုင်ငံမှာ ကျွန်တော် စာသင်ခန်းဆီကို ခြေဦး ပြန်လှည့်ချိန်မှာ ပိုပြီးပီပြင် ပေါ်လွင် လာပါသည်။ အသက်အရွယ် အပိုင်းအခြားကြောင့်လား ပတ်ဝန်းကျင် ကြောင့် လားတော့ မသေချာပါ။ သေချာတာက ကျောင်းတက်တဲ့ ပထမဆုံးနေ့  မှာဖြစ်တဲ့ စိတ်ခံစားမှု ကတော့ တော်တော်ကွာ ခြားပါတယ်။

၁၉၉၆ ခုနှစ်ခန့်  က ဆယ်တန်းအမှတ်စာရင်း ထွက်ပြီးချိန်ကို ကျွန်တော်ပြန်လည် သတိရနေမိ ပါတယ်။ အမှတ်စာရင်းစာရွက်လေးကိုင်ပြီးတော့ ဘာလုပ်ရရင် ကောင်းမလဲလို့  ဖြစ်နေတာ။ တက္ကသိုလ်တွေကလည်း ပိတ်ထား၊ အမှတ်ကလည်း ဟိုမရောက်ဒီမရောက်နဲ့  ဘယ်လိုင်းရွေးလို့  ဘာလုပ်ရမှန်းမသိ ယောင်တောင်တောင် ဖြစ်နေခဲ့တယ်။ ကလေးဘဝ တုန်းကတော့ ရန်ကုန် YIT ကျောင်းတော်က ကျွန်တော့ကို တော်တော် ဆွဲဆောင် ခဲ့တယ်။ မောင်စိန်ဝင်း(ပုတီးကုန်း)၊ နွမ်းဂျာသိုင်း၊ မင်းလူ အစရှိတဲ့ စာရေးဆရာတွေ ရေးတဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထု တွေမှာ YIT ဇတ်လမ်းတွေ ပါလာရင် အရူးအမူးပဲ။ ဩဘာလမ်းတို့  ဘာတို့ လည်း စာထဲကနေ ရင်းနှီးလို့ ။

မှတ်မှတ်ရရ ကျောင်းဟောခန်းထဲမှာ လုပ်တဲ့ စာပေဟောပြောပွဲလည်း တစ်ခါတက်လိုက်ဖူးတယ်။ အဲဒီတုန်းက အော်ပီကြယ်၊ ဂျူး၊ ဆရာခင်မောင်သန်း နဲ့  အခြားနာမည်ကြီး စာရေးဆရာတို့  ဟောခဲ့ကြတာပါ။ ဒါပေမယ့် ကျွန်တော် အမှတ်စာရင်းလေး ကိုင်ပြီး ကျောင်းကို တစ်ခေါက်လောက် သွားလည်တော့ ပိတ်ထားတဲ့ ကျောင်းတံခါးနဲ့  ဟောင်းနွမ်းနေတဲ့ စာသင်ဆောင်တွေပဲ တွေ့ ခဲ့ ရတယ်။ စိတ်တော့ နည်းနည်း သက်သာ သွားမိပါတယ်။ ဘာဖြစ်လို့  လည်း ဆိုတော့ ကိုယ့်အမှတ်က မမှီ၊ ကျောင်းဖွင့်တယ် ဆိုရင်တောင် ဝင်ခွင့်ရဖို့  မရှိဘူးလေ။ (ဒါပေမယ့် ကျွန်တော်တို့  အသုတ်က ပုံမှန် YIT တက်ကြတဲ့ သူတွေ ရှိခဲ့ပါတယ်။)

အဲဒီအချိန်မှာ ခေတ်စားတာတော့ DSA၊ ရေကြောင်း ဆိုတာကြီးပဲ။ လူတိုင်းလိုလို ဝင်ခွင့်ရဖို့  ကြိုးစားကြတယ်။ ငွေကြေး၊ အဆက်သွယ် အင်အားတွေ အများကြီး လိုအပ်တော့ ကျွန်တော် လုံးဝကို စိတ်မဝင်စားခဲ့ပါဘူး။ ဒီလိုနဲ့  ဖြစ်သင့်တာ ဖြစ်လာဖို့  အစ်ကိုတစ်ယောက်က GTI လျှောက်လွှာကြီး ကိုင်ပြီး ကျွန်တော့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ပါတယ်။ အဲဒီအချိန် ကျွန်တော်က ရန်ကုန်မှာ အခြေခံ အီလက်ထရွန်းနစ် သင်တန်းတက်ပြီး ကိုဝင်းနိုင်ရဲ့  Mectronic Safeguard မှာ အလုပ်လုပ်နေ ပါတယ်။ အစ်ကိုပေးတဲ့ လျှောက်လွှာကိုဖြည့်၊ ဦးစားပေး မေဂျာ နေရာမှာ (၁) Electronics (၂) Electrical Power ဆိုတာဖြည့်၊ ဦးစားပေးကျောင်းမှာ ကိုယ့်ဇာတိဒေသလို ဖြစ်တဲ့ မော်လမြိုင်ကိုဖြည့်၊ တင်လိုက်ပြီး စိတ်ထဲ မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တယ်။ ဒီလိုနဲ့  ကျောင်းခေါ်စာ အိမ်ကိုရောက်လာ၊ ဖွင့်ဖတ်တော့ Electrical Power နဲ့  မော်လမြိုင်ကျောင်း တက်ရမယ် ဆိုတော့ ကိုယ့်အထုပ်ကိုယ်ပြင်၊ အလုပ်ထွက်ပြီး ကျောင်းတော် ကြီးဆီ ချီတက် မိတော့တယ်။


သံဖြူဇရပ်မြို့ ရောက်တော့ အမေက `သား ဘာမှစိတ်မပူနဲ့ ။ တို့ အမျိုးတွေ ကျောင်းမှာရော၊ မော်လမြိုင်မှာရော ရှိကြတယ်။ အမေလိုက်ပို့ ပေးမယ်။ ` ဆိုတော့ အားတော့နည်းနည်းရှိသား။ အမေဆီမှာ စိုးရိမ် ကြောင့်ကျစိတ်တွေ ရှိနေပေမယ့် အတတ်နိုင်ဆုံး အားပေးသံကို ကြားလိုက် မိတယ်။ ဒီလိုနဲ့  အမျိုးတော်တဲ့ MT က ဆရာဦးအာတီး ဆီကို အမေလိုက်ပို့ ပေးတယ်။ ကျောင်းအကြာင်း အဆောင် အကြာင်း စုံစမ်း၊ အဆောင်နေ လက်မခံတော့ဘူး ဆိုလို့  မော်လမြိုင်က အမျိုးအိမ်တစ်အိမ်မှာ နေဖို့ အမေလိုက်လံ ပြောဆိုပြီးနောက် သားတော်မောင်ကို ထားရစ်ပြီး အိမ်ပြန်သွားခဲ့တယ်။ ဒီလိုနဲ့  ကျွန်တော် GTI ကျောင်းသား ဘဝ စခဲ့ပါတယ်။

ဒီလိုနဲ့  မြို့ ထဲကနေ အမှတ်(၈)ကားစီးပြီး ကျောင်းကို စသွားခဲ့ပါတယ်။ ပထမဆုံး ကျောင်းတက်တဲ့ နေ့ က အတန်းတွေ သိပ်မရှိပါဘူး။ ကျောင်းအဝင် မြေနီလမ်းနဲ့  ရေတမာတန်းက ကျွန်တော့်ကို တော်တော်လေး ဆွဲဆောင်ပြီး အဲဒီကြားထဲမှ ရွှေဟင်္သာခန်းမကို လှမ်းမြင်နေရတာ။ အဲဒီ ပုံရိပ်ကို ကျွန်တော် တော်တော် နှစ်သက်ပါတယ်။ (နောင်အခါ ကျွန်တော်တို့  သူငယ်ချင်းများ စုထုတ်တဲ့ ကဗျာစာအုပ်မျက်နှာဖုံးမှာ အဲဒီပုံရိပ် ခဲခြစ်ရာလေးနဲ့  မြေနီလမ်းဆိုတဲ့ ကဗျာတစ်ပုဒ် ကျွန်တော် ရေးပြီး ထည့်ခဲ့ပါတယ်။ ထိုကဗျာကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

မှတ်မှတ်ရရ ဖြစ်ရပ်အနေနဲ့  Drawing ဆွဲဖို့  T မရှိလို့  ဆရာဦးအာတီး ရှိတဲ့ MT work shop ဖက် ပြေးရသေးတယ်။ ဆရာက နံရံမှာ ချိတ်ဆွဲထားတဲ့ T လေး ကျွန်တော့် ကိုပေးလိုက်တယ်။ ဒါနဲ့  Drawing ခန်းထဲဝင် Drawing paper ပေါ် T လေးတင်ပြီး ခပ်တည်တည်နဲ့  ပုံတွေ ဆွဲတော့တာပေါ့။ အဲဒီမှာ ပြဿာနာက စတော့တာပဲ။ T ကို workshop ကနေ ယူလာတုန်းက ကျွန်တော် သေသေ ချာချာ ဖုန်တွေ သုတ်လိုက် တာပဲ။ ဒါပေမယ့် စက္ကူပေါ်တင် ဆွဲတော့ အမည်းကြောင်း တွေမှ မနည်းပဲ။ ကျွန်တော့ ပုံဆွဲစက္ကူ အဖြုရောင်ကနေ အမည်းရောင် ဖြစ်သွားခဲ့တယ်။ ကျွန်တော် ကြည့်ပြီး ဟားတိုက်သာ ရယ်လိုက်မိ တော့တယ်။

နေလည် ထမင်းစားချိန် ကျတော့ အခန်းထဲက သူငယ်ချင်း ကိုကိုငြိမ်းချမ်းက သူနဲ့  လိုက်ခဲ့ဆိုလို့  လိုက်သွားခဲ့တာ ဟိုရောက်တော့မှ ထမင်းစားဆောင် (မယ်ဇင်) ဖြစ်နေတယ်။ နောက်ဆုံးလက်ကျန် အဆောင်နေ ကျောင်းသား စီနီယာတွေနဲ့  အတူ ကျွန်တော်လည်း ရောယောင်ပြီး နေ့ လည်စာ ထမင်းကို ပဲဟင်း၊ ကန်စွန်းရွက်ကြော် လေးနဲ့  စားပြီးနောက် ကျွန်တော် တော်တော်လေး နှစ်သက် သဘောကျ သွားမိပါသည်။ ဒီလိုနဲ့  ကျွန်တော့်ရဲ့  ကျောင်းပထမဆုံးနေ့  ကတော့ ကျေနပ် နှစ်သက် စရာလေးတွေ အပြည့်နဲ့ စတင်ခဲ့ပါတော့တယ်။

6 comments:

  1. Carry on, please. I am sure that will be very interesting one.

    ReplyDelete
  2. ဘ၀ကြင်ဖော်နဲ့ တွေ့ခဲ့တာလေးပါ ထည့်ရေးပါအုံး :)

    ReplyDelete
  3. မနန္ဒာနဲ့ ဇာဇာရေ.....ကျွန်တော်ကြိုးစားရေးပါ့မယ်။
    မကြာမှီလာမည်.....မျှော်......ပေါ့ဗျာ။
    Romantic ဇတ်လမ်းကတော့ ဆေားရီးပဲ။
    ဆင်ဆာနဲ့ ငြိနေလို့ ။

    ReplyDelete
  4. ရေးသူမရှိလို့ ဖက်စရာမရှိတာထက်စာရင်
    ရေးတဲ့သူရှိလို့ ဖက်စရာတစ်ခု ရှိလာတာ
    ကြိုဆိုပါတယ်။

    ReplyDelete
  5. ရေးတဲ့စာတိုင်း ဖတ်စရာလို့ သဘောထားပေးရင်ပိုကောင်းမလားပဲ။ ဘာပဲဖြစ်ဖြစ်အခုလို comments ပေးတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. ဒီစာကို ဖတ်ပြီး ကျောင်းတောင်ပြန်တတ်လိုက်ချင်ပါတယ်။ ကျေးဇူးနော် ကိုမင်းသူ။

    ReplyDelete