Tuesday, 29 December 2009

မဇာဇာထွန်းနှင့်အင်တာဗျူး

(ဒီတစ်ခါတော့ စင်္ကာပူကိုကျောင်းလာတက်တဲ့အုပ်စုထဲမှာပါတဲ့ မဇာဇာထွန်း(Civil)နဲ့  အင်တာဗျူးဖြစ်ခဲ့ပါတယ်။ အင်တာဗျူးလို့ သာဆိုရတယ်၊တကယ်တော့ မေးခွန်းတွေရိုက်ပြီးပို့ လိုက်တာပါ။ ဖြေကြားပေးတဲ့အတွက်နဲ့  အဖြေတွေကိုတစ်ခါတည်း မြန်မာလိုရိုက်ပေးထားတဲ့အတွက် မဇာဇာထွန်းကို အထူးကျေးဇူးတင်ရှိပါကြောင်း အဖွဲ့ ကိုယ်စားပြောကြားလိုပါတယ်။)



မေး။   ။ မင်္ဂလာပါ ခင်ဗျာ။ နာမည်၊မေဂျာ၊ကျောင်း၊  ကျောင်းဆင်းခဲ့တဲ့ခုနှစ်နဲ့  မိတ်ဆက်ပြီး စလိုက်ကြရအောင်။

မင်္ဂလာပါ။ နံမည်ကတော့ မဇာဇာထွန်းပါ။ ၂၀၀၀ခုနှစ် မတ်လမှာ   မြို့ပြနဲ့ AGTI ရခဲ့ပါတယ်။ ပြီးတော့       B Tech နဲ့ BE ကို ၂၀၀၂ မှာ ဆက်တက်ခဲ့ပါတယ်။

မေး။  ။ ကျောင်းတက်တုန်းကဘဝကို အနည်းအကျဉ်းလေးပြောပါလား။

ကျောင်းတက်တုန်းက အရမ်းကို ပျော်ခဲ့ တာပါ အထူးသဖြင့်တော့ GTI တက်တုန်းကပေါ့။ ကျောင်းကိုရောက်တာ ၁၇.၀၃.၁၉၉၈ မှာပါ ဗိုလ်ကြီးသန်းနောင် အဆောင်မှာပေါ့။ မှတ်မှတ်ရရပေါ့ ကျောင်းရောက်ပြီး သိပ်မကြာဘူး အဆောင်က လူတွေနဲ့ ကျိုက်ထီးရိုးဘုရားဖူး လိုက်သွားတယ်လေ။ အဲဒီက ပြန်လာပြီးတော့ ကျောင်းမတက်ချင်တော့ပါဘူးဆိုပြီး အိမ်ကို ငိုပြီးပြောတော့ ဦးလေးတစ်ယောက် လွှတ်ပြီး ပြန်ဖို့လာခေါ်တယ်။  ဆရာမကသိတော့ တားတယ်။ ဆက်တက်ကြည့်လိုက်ပါအုံးတဲ့။ နောက်မှ အင်ဂျင်နီယာ ဖြစ်ချင်လို့ မရတော့ဘူးနော်တဲ့။ အဲတာနဲ့ ပဲ ဆက်တက်လိုက်တာ ၆နှစ်ကြာတယ် မော်လမြိုင်မှာ။ အိမ်ကလူတွေကတောင် တောသူမလို့ ခေါ်တယ်။    ကျွန်မတို့ ရပ်ကွက်က လူတွေဆိုရင် ကျွန်မကို မသိကြဘူး။

မေး။  ။ ကျောင်းပြီးတော့ရော ဘာတွေလုပ်သေးလဲ။

BE ကျောင်းပြီးတော့ ရန်ကုန်မှာ ME ဆက်တက်လိုက်သေးတယ်။ Thesis လုပ်နေရင်းနဲ့ သွင်းကုန်ထုတ်ကုန် တစ်ခုမှာ အလုပ်ဝင်လုပ်လိုက်တယ်။ ဘာရယ်လို့တော့ မဟုတ်ပါဘူး အမေက လုပ်ဆိုလုပ်လိုက်တာပဲ။

မေး။  ။ စင်္ကာပူကိုထွက်လာရတဲ့အကြောင်းရင်းနဲ့ စီစဉ်ပုံများနည်းနည်းလောက်ပြောနိုင်မလား။

စင်္ကာပူကိုလာဖို့ ရည်ရွယ်ချက် အစက လုံးဝမရှိခဲ့ပါဘူး မန္ဒနာ စင်္ကာပူမှာ NUS ကျောင်းတက်ခွင့် ရပြီလို့ မသိရခင် အချိန်ထိပေါ့။ ရန်ကုန်မှာ Master တက်နေရင်း သူကြိုးစားနေတာသိပါတယ်။ ဒါပေမဲ့ စိတ်မ၀င်စားခဲ့ပါဘူး။ အဲဒီကာလမှာ ကျွန်မတို့ GTC ကနေ စင်္ကာပူမှာ M.Sc တက်လို့ရတယ်ဆိုတာ မသေချာသေးဘူး။ သူကတော့ ကျွန်မတို့ မော်လမြိုင် GTC ရဲ့ ပထမဆုံး စင်္ကာပူ NUS က M.Sc ကို အရယူသူပေါ့။ သူသွားတော့မယ်လို့ သိရတော့မှ သွားချင်စိတ်ဖြစ်လာခဲ့တာ။ အဲဒါနဲ့ အမေ့ကို ပူဆာတာပေါ့။ အမေက ပထမ သဘောမတူဘူး။ နောက်အစ်ကို ကို စစ်ကူခေါ်ပြီး မောင်နှမတစ်တွေ ၀ိုင်းပြောမှ သဘောတူလိုက်တာ။ အဓိကက ကျန်းမာရေးကို စိတ်မချတာပါ။ အဲတာနဲ့ ကျောင်းတက်ဖို့ ဖြစ်လာတာ။ ကျောင်းတက်ဖို့ ဘယ်လိုလျှောက်ခဲ့ လဲဆိုတာကတော့ မန္ဒနာက အစစ အရာရာ သူပဲလုပ်ပေးခဲ့တာ။ ကျွန်မက ရန်ကုန်ကနေ လိုအပ်တဲ့ စာရွက်တွေ ပို့လိုက်တာ။ ဘယ်လိုလျှောက်လဲ ဆိုတာကို သိချင်ရင်တော့ ခေါင်းစဉ်တစ်ခု သပ်သပ်လိုပါလိမ့်မယ်။  အဲတာနဲ့ပဲ ကျွန်မ ဇာဇာထွန်း M.Sc (Civil Engineering) ဆိုတာကို NUS ကနေ ရခဲ့ပြန်တာပေါ့။

မေး။  ။ အခုလက်ရှိအလုပ်လုပ်နေတဲ့ဘဝ အကြောင်းလေးလည်း သိချင်ပါတယ် ခင်ဗျာ။

အခုလက်ရှိကတော့ Consultants Firm (Surbana International Consultants PTE Ltd) မှာ Resident Engineer လုပ်နေပါတယ်။ ကျွန်မအလုပ်ရဲ့ လုပ်ရိုးလုပ်စဉ်ကိုတော့ အားလုံးပဲ သိကြမယ်လို့ ထင်ပါတယ်။ မသိရင်လည်း အကြမ်းဖြင်းကတော့ Supervision of Civil Engineering Work ပါ။ RE တစ်ယောက်အနေနဲ့ လစာ အများကြီးရမယ်လို့တော့ မထင်ပါနဲ့။ J

မေး။ ။ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်လို့ ဘာတွေများဆက်လက်လေ့လာဖြစ်သလဲ။ ဆိုလိုတာက ကျောင်းကသင်ပေးလိုက်တာအပြင် ဘယ်လိုများကိုယ့်ကိုကိုယ် လေ့လာဖြည့်ဆည်းခဲ့ပါသလဲ။

ကျောင်းကသင်ပေးလိုက်တာနဲ့တော့ မလုံလောက်တာ အမှန်ပါ။ ဒါပေမဲ့ ပေးတုန်းမှာ ရအောင်ယူနိုင်ရဖို့လဲ အရေးကြီးပါတယ်။ ကျွန်မရဲ့ သူငယ်ချင်း(ကိုဇော်ရှင်း ၂၀၀၀ Civil) တစ်ယောက်က စာဖတ်ဖို့ ပြောပါတယ်။ ဖတ်ဖို့စာအုပ်တွေလည်း သူပေးပါတယ်။ တကယ်တန်းတော့ စာဖတ်ဖို့က မလွယ်ပါဘူး။ အချိန်မရှိတာရော ပျင်းတာရောပေါ့။ ခုလောလောဆယ်မှာတော့ ကျွန်မတို့ရဲ့ စီနီယာ (ကိုဇော်ရှင်း မိတ်ဆွေပါ) တစ်ယောက်စီမှာ design course နဲ့ software တွေကို သင်ယူနေပါတယ်။

မေး။ ။ လူငယ်တွေအတွက် အခွင့်အလမ်း၊လမ်းကြောင်းတွေ ရှာဖွေဖို့ အခက်အခဲရှိတယ်လို့  ကျွန်တော်ထင်ပါတယ်။ တကယ်လို့ များ အကြံပေးနိုင်ရင် ဘယ်လိုလမ်းကြောင်း၊ဘယ်လို professional မျိုးရွေးသင့်တယ်။ ဘယ်လိုအသုံးဝင်နိုင်တယ် စသည်ဖြင့် အစ်မ အတွေ့ အကြုံနဲ့ ယှဉ်ပြီး အကြံပေးနိုင်မလား။

ကျွန်မကတော့ ဘယ်အရာမကို မဆိုကိုယ်တကယ် စိတ်ဝင်စားလားလို့ သိဖို့ အရင်လုပ်စေချင်ပါတယ်။ ဒါပေမဲ့ ရောက်တဲ့ နေရာမှာ ကိုယ့်အတွက် ရအောင်ဘာလေးပဲ ဖြစ်ဖြစ်ရအောင်ယူပါ

မေး။  ။ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ရဲ့ ဂျူနီယာ ညီ၊ညီမလေးတွေကို စကားလက်ဆောင်လေးပေးချင်တာများရှိရင် ကျေးဇူးပြု၍…….

ရောက်တဲ့နေရာမှာ ရပ်မနေပါနဲ့။ စာဖတ်ပါ။ ခုလောလောဆယ်မှာ ၀ါသနာပါလို့်ပဲ ဖြစ်ဖြစ် မပါလို့ပဲဖြစ်ဖြစ် လုပ်နေရတဲ့ အလုပ်ကို စိတ်မပျက်ပါနဲ့။ တချိန်မှာ အထောက်အကူ ဖြစ်လာမှာပါ။ အနည်းဆုံးတော့ ငါဒါမျိုးလုပ်တတ်တယ်လို့ ပြောလို့ရတာပေါ့။ ကိုယ်လိုချင်တဲ့ နေရာမရောက်သေးလို့လဲ စိတ်ဓါတ်မကျပါနဲ့။ အခုချိန်ထိ ကျွန်မလည်းဘာမှ မတတ်သေးပါဘူး။ ပြဿနာတစ်ခုကြုံလာရင် ဟိုလူ့မေး ဒီလူ့မေးနဲ့ ဖြေရှင်းနေရတာပါပဲ။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

3 comments:

  1. ဇာကြီး ညီမလေး
    အရမ်းကောင်းပါတယ်။သူများတွေကိုလည်းတိုက်တွန်း
    ပေးဦးလေ---

    ReplyDelete
  2. မနန္ဒာ အလှည့် ဖြစ်သင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့
    ကျောင်းတက်ဖို့အကြောင်းမှာ ခေါင်းစဉ်တစ်ခုလိုတယ် လို့
    ပြောလို့...

    ReplyDelete
  3. အစ်မဂုဏ်ယူပါတယ်

    ReplyDelete