Photo Source: Internet |
မော်လမြိုင်ဆိပ်ကမ်းအား ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်နိုင်မည့် နိုင်ငံတကာ ဆိပ်ကမ်းတစ်ခု အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရှိ ရပါသည်။ မော်လမြိုင်ဆိပ်ကမ်းမှ မလေးရှားနိုင်ငံ ပီနန်နှင့် ကွာလာလမ်ပူ ဆိပ်ကမ်းများသို့ တန်ချိန် ၁၅၀၀ ခန့်ရှိ ကမ်းရိုးတန်းသွား သင်္ဘောများ ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မော်လမြိုင်မြို့တွင် ယခင်က နိုင်ငံခြားသင်္ဘောများ ဆိုက်ကပ်ပြီး ကုန်တင် ကုန်ချလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုစဉ်ကသင်္ဘောများမှာ ယခုခေတ် သင်္ဘောများနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်ပြီး ကမ်းရိုးတန်းသွား သင်္ဘောများသာ ဖြစ်ကြောင်း၊ မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ သင်္ဘောများသည်လည်း ယခင်က ရန်ကုန်၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း အသွားအပြန် ခရီးစဉ်ကို ပြေးဆွဲပေးခဲ့ပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှစ၍ မော်လမြိုင်ဆိပ်ကမ်းကို မဆိုက်ကပ်တော့ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ မပြေးဆွဲရခြင်းမှာ မော်လမြိုင်ဆိပ်ကမ်းမှ ကုန်တင်ပို့မှု Trade Volume နည်းပါး သွားရခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ပြင်ဆိပ်ကမ်းသို့ ၀င်ရောက်ရာ ရေလမ်းကြောင်းမှာလည်း ရေတိမ်လာ၍ ရေကြောင်းလမ်းပြဖြင့်သာ သင်္ဘောများ ၀င်ထွက်၍ရပါကြောင်း၊ ယခုအခါ မော်လမြိုင် ဆိပ်ကမ်းတွင် ဆိပ်ခံတံတားကိုးခုရှိပြီး ကွန်ကရစ်တံတား နှစ်ခုနှင့်ဗောတံတား ခုနစ်ခုဖြစ်ကြောင်း၊ ကွန်ကရစ် တံတားများတွင် နိုင်ငံခြား သင်္ဘောများ ဆိုက်ကပ်နိုင်ပြီး ဗောတံတားများတွင် မြစ်တွင်းသွား သင်္ဘောများ ဆိုက်ကပ်နိုင်ကြောင်း၊ သို့ဖြစ်၍ မော်လမြိုင် ဆိပ်ကမ်းမှာ ကောင်းမွန်ပြီး ဖြစ်သည့်အတွက် ပြုပြင်ရန် မလိုအပ်ကြောင်း၊ ယခုအချိန်တွင် ယင်းဆိပ်ကမ်း၌ တန်ချိန် ၁၅၀၀ ခန့်ရှိသည့် ကမ်းရိုးတန်းသွား သင်္ဘောများ ဆိုက်ကပ်နိုင်ကြောင်း၊ မော်လမြိုင်ဆိပ်ကမ်း ဖွံ့ဖြိုးရန်အတွက် မလေးရှားနိုင်ငံ ပီနန်နှင့် ကွာလာလမ်ပူဆိပ်ကမ်းများသို့ သွားရောက် နိုင်သည့် တန်ချိန် ၁၅၀၀ခန့်ရှိ ကမ်းရိုးတန်းသွား သင်္ဘောများ စီစဉ် ပြေးဆွဲရန် မိမိ၀န်ကြီးဌာနနှင့် ပြည်နယ် အစိုးရအဖွဲ့တို့ ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောကြားခဲ့သည်။
၁၉၉၀ ပြည့် နှစ်ဝန်းကျင်က မော်လမြိုင်ဆိပ်ကမ်းမှ ဆန်များ ပြည်ပတင်ပို့နေပုံ |
မြဝတီ-မဲဆောက် သောင်ရင်း ချစ်ကြည်ရေးတံတား ယာယီပိတ်ထားရာ မွန်ပြည်နယ်သို့ စီးဝင်နေသည့် ထိုင်းလူသုံးကုန် ပစ္စည်းများ စျေးမြင့်မှု ဖြစ်ပေါ်နေခြင်းကို မော်လ မြိုင်-ပီနန် ရေလမ်းခရီးဖြင့် မလေး လူသုံးကုန် ပစ္စည်းများအပြန်ကုန်ဖြင့် ၀င်ရောက်နိုင်ခြင်းဖြင့် ဒေသခံ များအတွက် စျေးနှုန်းသက်သာစွာဖြင့်ရွေးချယ်ခွင့် ပိုမိုရရှိနိုင်ကြောင်း၊ မော်လမြိုင်ဆိပ်ကမ်း အဝင်လမ်းကို ယခုချိန်မှစပြီး လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်သင့်ပြီး မြန်မာ့ကြယ် ငါးပွင့်သင်္ဘောလိုင်းများ ပြန်လည်ဝင် ရောက်ပြေးဆွဲခြင်းဖြင့် ဒေသခံများ၏ သွားလာမှုကို အဆင်ပြေချောမွေ့ စေမည်ဖြစ်ကြောင်း မြို့ခံစီးပွားရေး လုပ်ငန်းရှင်တို့က သုံးသပ်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် အရွယ်အစား ကြီးမားသည့် ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် ထားဝယ် နှင့်ကျောက်ဖြူ ရေနက်ဆိပ်ကမ်းများ ကို ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း၌ တန်ချိန်များသည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ကြောင်း သိရသည်။
Source: Eleven Media Group မှ သတင်းကိုဝေမျှခြင်းဖြစ်ပါတယ်။ မူရင်းကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
No comments:
Post a Comment