Photo Source: Internet |
မလေးရှားနိုင်ငံ၏ ဦးနှောက်ယိုစီးမှုလျော့ပါးစေရန် လိုအပ်သောဆောင်ရွက်မှုများ မပြုလုပ်သရွေ့ ဤအခြေအနေသည် ပို၍ဆိုးလာစရာသာရှိသည်ဟု (၂၀၁၁) ဧပြီလတွင် ကမ္ဘာ့ဘဏ်မှထုတ်ပြန်ခဲ့သော မလေးရှားစီးပွားရေးစောင့်ကြည့်မှု-ဦးနှောက်ယိုစီးမှုအစီရင်ခံစာ (Malaysia Economic Monitor: Brain Drain) တွင် ၄င်းမှဖေါ်ပြထားခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် ကောလိပ်၊ တက္ကသိုလ်အဆင့် ပညာရေးရှိသူများမှ နိုင်ငံအားစွန့်ခွာကြမှုကို ဦးနှောက်ယိုစီးမှုအဖြစ်သတ်မှတ်ထားသည်။ ပြည်ပနိုင်ငံများသို့ထွက်ခွာကြမှုသည် မလေးရှားနိုင်ငံသားစုစုပေါင်း (၁) သန်းခန့်အနက်မှ သုံးပုံတပုံသည် ပညာတတ်များဖြစ်နေကြသောကြောင့် မလေးရှားပညာတတ်များ ပြည်ပသို့ထွက်ခွာကြမှုသည် ပိုမိုတိုးတက်လာနေသည်ဟု စီးပွားရေးပညာရှင်ဖီးလစ်ပ်မှဆိုသည်။ ပညာရှင်များထွက်သွား၍ လစ်ဟာသွားသည့်နေရာများကိုလည်း အခြားပညာရှင်များဖြင့် အစားထိုးနိုင်ခြင်းမရှိ၍ မလေးရှားနိုင်ငံတွင် အစကတည်းကခပ်ပါးပါးသာဖြစ်သော ကျွမ်းကျင်မှုအခြေခံအုတ်မြစ် (Skills Base) အား ထိခိုက်စေခဲ့သည်။
ကျွမ်းကျင်လုပ်သားများကိုနေရပ်ပြန်လွှတ်မှုသည် (၂၀၀၄) ခုနှစ်နောက်ပိုင်း (၂၅%) လျော့ကျလာခဲ့သော်ငြား မလေးရှားနိုင်ငံတွင်းသို့ဝင်ရောက်လာကြသူများ၏ (၆၀%)သည် မူလတန်းအဆင့် (သို့) မူလတန်းအောက်အဆင့် ပညာရေးအခြေခံသာရှိကြသည်။
မလေးရှားနိုင်ငံ၏ဦးနှောက်ယိုစီးမှုသည် ပထဝီအနေအထား၊ လူမျိုးရေးတို့နှင့်ဆက်စပ်နေပြီး စင်္ကာပူနိုင်ငံရှိမလေးရှားနိုင်ငံသား (၈၈%) မှာ တရုတ်လူမျိုး (Chinese Malaysian)များဖြစ်ကြပြီး အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျနိုင်ငံများတွင်လည်း အလားတူပင်ဖြစ်သည်။ မလေးရှားနိုင်ငံမှ ထွက်ခွာကြသူများအနက်မှ (၅၄%) သည်စင်္ကာပူနိုင်ငံသို့ထွက်ကြပြီး၊ (၁၅%) မှာ သြစတြးလျနိုင်ငံသို့၊ အမေရိကန်ပြည်ထောင်စုသို့ (၁၀%) နှင့် (၅%) မှာဗြိတိန်နိုင်ငံသို့ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖေါ်ပြထားခဲ့သည်။
အလုပ်အကိုင်အခွင့်အလမ်း၊ ဝင်ငွေရရှိနိုင်မှုနှင့် လူမှုရေးမျှတမှုတို့သည် မလေးရှားဦးနှောက်ယိုစီးမှုအား ဖြစ်ပေါ်စေသော အဓိကအချက်သုံးခုဖြစ်သည်။ အရည်အချင်းနှင့် ကြိုးစားအားထုတ်မှုအပေါ်မူတည်၍ အကျိုးခံစားခွင့်ပေးသောစနစ် (Meritocracy) မရှိခြင်းနှင့် ပညာသင်ဆု (Scholarships)များ ပေးရာတွင် တရားမျှတမှု မရှိခြင်းတို့သည် မလေးရှားနိုင်ငံသားများအား နိုင်ငံကိုစွန့်ခွာစေသော အကြောင်းရင်းများဖြစ်နေပြီး၊ ဤဦးနှောက်ယိုစီးမှုတွင် ဘူမိပုတြမဟုတ်သူများ (Non-Bumiputeras)မှ များပြားလှစွာပါဝင်နေကြသည်ဟု ဖိလစ်မှဆိုသည်။
မလေးရှားအစိုးရအနေဖြင့် အခွန်သက်သာခွင့်ပေးခြင်းကဲ့သို့သော အကွက်ချဆောင်ရွက်မှုများအား စတင်လုပ်ဆောင်နေခြင်းနှင့်ဟန်ချက်ညီစွာ အရေးပါသော ဖွဲ့စည်းမှုဆိုင်ရာပြုပြင်ပြောင်းလဲမှုများအား ချမှတ်ကျင့်သုံး၍ (Structural Reforms Implementation ) ဤဦးနှောက်ယိုစီးမှုအား
ဦးနှောက်စီးဝင်မှုအဖြစ်သို့ ပြောင်းလဲရန်လုပ်ဆောင်နိုင်ကြောင်း ဖိလစ်မှပြောကြားခဲ့သည်။ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားသူများကို ပြန်လည် ဆွဲဆောင်ရန်အတွက် မည်သည့်ကိစ္စကိုလုပ်ဆောင်ရန် လိုအပ်သည်ဆိုခြင်းအား မလေးရှားနိုင်ငံမှထွက်ခွာပြီး ပြည်ပတွင်နေထိုင်သူများအကြား
ယှဉ်ပြိုင်ပွဲတခုကျင်းပပြုလုပ်ပြီး ၄င်းတို့ထံမှအကြံညဏ်များကို ရယူရန်လိုအပ်သည်ဟု ဖိလစ်မှဆိုသည်။
ယခင်ထုတ်ပြန်ခဲ့သောကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ပြည်ပနေ မလေးရှားနိုင်ငံသားများ အရေအတွက်မှာ (၁.၄) သန်းခန့်ဟု ဖေါ်ပြထားပြီး ယခု အစီရင်ခံစာတွင် (၁) သန်းခန့်ဟုဖေါ်ပြထားရခြင်းမှာ စင်္ကာပူနိုင်ငံတွင်းနေ အခြားနိုင်ငံများမှ နိုင်ငံသားများ၏ စာရင်းကို စင်္ကာပူနိုင်ငံမှ မပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဖိလစ်ပ်ရှလီကဲန်စ်မှ ဆိုခဲ့သည်။ တသန်းဆိုသောပမာဏသည် အတိအကျမဟုတ်ပဲအကြမ်းဖျင်းသာဖြစ်ပြီး အမှန်မှာ တသန်းအထက်တွင် ရှိနေသည်။
DK (Ref: Malaysia’s brain drain getting worse, says World Bank by Lee Wei Lian)
Source: Freedom News Group မူရင်းဆောင်းပါးအား ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment