Thursday, 5 November 2009

ဆရာအောင်သင်းနှင့် ရေကြည်ရာမြက်နုရာ အပိုင်း(၁)

(ဒီတစ်ပါတ် လျှပ်တစ်ပြက်ဂျာနယ်မှာ ဆရာအောင်သင်းနှင့် ရေကြည်ရာမြက်နုရာ အပိုင်း(၁)နဲ့  (၂)ကို ဖတ်လိုက် မိတယ်။ ငယ်ငယ်ကတည်းက နှစ်သက်ခဲ့တဲ့ စာရေးဆရာဖြစ်တဲ့အလျှောက် ဆရာစကားများကို ပြန်ဖတ်ရလို့  ဂျာနယ်ကို ကျေးဇူးတင်ပါတယ်။)

ရေကြည်ရာမြက်နုရာဟူသောဆိုရိုးစကားအတိုင်း ယနေ့ခေတ် မြန်မာလူငယ်များသည် မိမိတို့၏ လူနေမှုဘဝ တစ်ဆင့်ထက်တစ်ဆင့်၊ မြင့်သထက်မြင့်ဖို့ ရေခြား၊ မြေခြားသို့ စွန့်စွန့်စားစားသွားရောက် လျက်ရှိကြရာ အပေါက်အလမ်း တည့်သည်များလည်းရှိသလို မှန်းချက် နှင့် နှမ်းထွက်မကိုက်သူများလည်း ဒုနဲ့ဒေးပင် ဖြစ်လို့နေကြောင်း လေ့ လာတွေ့ရှိရသည်။မည်သည့်နေရာတွင်မဆို အဆိုးနဲ့အကောင်း ဒွန်တွဲ နေတတ်သည်မှာ လောကနိယာမ တစ်ခုပင်ဖြစ်ရကား အခြေအနေနှင့် အချိန်အခါအရ လုပ်သင့်လုပ်ထိုက်သည်များလုပ်မှသာ ဖြစ်သင့်ဖြစ်ထိုက်သည်များ ဖြစ်လာပေမည်။ လူငယ်တို့၏ ဘဝအာမခံချက်သည် တိုင်းတစ်ပါးသွားခြင်း၊ မသွားခြင်းနှင့် တိုက်ရိုက်ပတ်သက်ပါသလား မေးခွန်းသည် ယခုလူငယ်များ ရပ်ဝန်းတွင် ရေပန်းစားလို့ နေပါသည်။ စင်စစ်အားဖြင့်လည်း အခွင့်အလမ်းပေါ်လာလျှင် ပေါ်လာသလို ယူတတ်မှသာရမည် ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စအပေါ်အားပေးစရာ၊ ကဲ့ရဲ့စရာတစ်စုံတစ်ရာမမြင်ပါ။ လူတိုင်းလူတိုင်း ကိုယ့်သမိုင်းကိုယ်ရေး နေကြခြင်းသာ ဖြစ်ပါသည်။

ဘာပဲလုပ်လုပ်ကိုယ်ပိုင်ဆုံးဖြတ်ချက်သာပဓာနဖြစ်ပါသည်။ သို့ရာတွင် ပြည်ပမှာ နေနေ၊ ပြည်တွင်းမှာနေနေ မမေ့မလျော့အပ်သော သတိထားစရာဆောင်ရန်၊ ရှောင်ရန်အချက်တို့ ရှိနေမည်သာဖြစ်ပါသည်။ ထို့ကြောင့် လျှပ်တစ်ပြက်သတင်းဂျာနယ်အနေဖြင့် မြန်မာလူငယ်ထုအပေါ် အကြံပြုလိုသည့်အချက်များကို လူငယ် အကျိုးပြုစာပေများ စဉ်ဆက်မပြတ်ရေးသားလျက်ရှိသော စာရေးဆရာကြီး (ဦး)အောင်သင်းနှင့် သွားရောက် တွေ့ဆုံပြီး ရေကြည်ရာ မြက်နုရာကိစ္စ အပေါ် မေးသင့် မေးထိုက်သည့် အချက်အလက်များမေးမြန်းခဲ့ပါသည်။ စက်တင်ဘာ(၃)ရက်နေ့၊ နံနက်ပိုင်းက ဆရာကြီး ဦးအောင်သင်း၏ နေအိမ်သို့လျှပ်တစ်ပြက် ဝိုင်းတော်သားများ ရောက်ရှိခဲ့ရာ ဆရာကြီးက လူငယ်များ အပေါ် ဝေဖန်ထောက်ပြလိုသည့်အချက်များကို စေတနာ၊ မေတ္တာဖြင့်ပွင့်ပွင့်လင်းလင်းဖြေကြားပေးခဲ့ပါသည်။ ဤနေရာတွင် စာရှုသူများကို စကားပလ္လင်ခံလိုသည့် အချက်တစ်ချက်မှာ မိမိတို့အယ်ဒီတာအဖွဲ့ဝင်များဖြစ်သော ဆရာ လွမ်းဝေနိုင်နှင့် မိမိသည် တစ်ချိန်က ဆရာကြီး၏တပည့်ကျောင်းသားများဖြစ်ခဲ့သဖြင့် အမေးအဖြေ ပုံစံတွင် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသည့်သဘောနှင့် ‘မင်းတို့’၊’ငါတို့’ဆိုသော နာမ်စားအသုံးအနှုန်းများ ပါဝင်နေပါသည်။ ထိုအချက်ကို စာရှုသူအနေဖြင့် ယောနိသောမနသိကာရ သင့်တင့်လျောက်ပတ်စွာ နားလည်ပေး၊ နှလုံးသွင်းပေး၍ သက်ကြီးစကားသက်ငယ်ကြား သည့်နှယ် အောက်ပါအတိုင်း လေ့လာဖတ်ရှု နိုင်ပါရန် မေတ္တာရပ်ပါကြောင်း။ (လျှပ်တစ်ပြက်ဂျာနယ်)

ဆရာကြီးခင်ဗျား . . .နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရတဲ့သူတွေမှာ ဦးနှောက်နဲ့ အချိန်အရင်းအနှီး ဘယ်လိုရှိမလဲ။ အချိန်မှာအရွယ်ပါတယ်လို့ဆိုပါတယ်။ အဲဒါ ဘယ်လိုသဘောပေါက်ရမလဲ။

အရင်းအနှီးမှာအရွယ်ပါ ပါသွားတဲ့အတွက်နိုင်ငံရပ်ခြားအလုပ်သွားလုပ်တဲ့သူတစ်ယောက်ဟာ ဟိုမှာ ပေါ့တီးပေါ့ဆ နေမိရင် သူ့အရွယ်က ပြန်ရနိုင်တာမဟုတ်ဘူး။ အချိန်ကျတော့လည်း ဟိုမှာငါးနှစ် အလုပ် လုပ်မယ်ဆိုရင် တစ်ခုခုအချိန်ရ အောင်၊ အရင်းအနှီးရအောင်လုပ်နိုင်ရင်လုပ်။ မလုပ်နိုင်လို့ ငါးနှစ်ကြာလို့ ဒီပြန်လာရင် မြန်မာပြည်မှာသူကသူစိမ်းပြန် ဖြစ်သွားတယ်။ ကိုယ့်သူငယ်ချင်းတွေကလည်း ဘယ်သူက ဘယ်မြို့ရောက်ကုန်မှန်းမသိဘူး။ ဒီကလုပ်ငန်းတွေကလည်း ပုံစံပြောင်းကုန်ပြီ။ ကိုယ် ထွက်သွားတဲ့အချိန်နဲ့ ဘာမှမဆိုင်တော့ဘူး။ အဲဒီတော့သူ့မှာယောင်လည် . ယောင် လည်နဲ့ဖြစ် ပြန်ရော။ ဖြစ်တော့ ပိုက်ဆံရှာပြီး နောက်တစ်ခါထပ်ထွက်ဖို့ပဲ သူတတ်တော့တယ်။ အဲဒါသိပ်သတိထားရတယ်။ ကြောက်ဖို့ကောင်းတာက အရွယ်ဆိုတာ ပြန်မရတော့ဘူးဆိုတာပဲ။ နောက်တစ်ခါ နိုင်ငံခြားပြန်ထွက်တော့လည်း သူ့ အသက်(၃ဝ) ဖြစ်နေပြီဆိုတော့ ဟိုကသိပ်မခန့်ချင်တော့ဘူး။ အဲဒီလိုဖြစ်ကုန်တာတွေပြောတာ။ အဲဒီတော့နှစ်ဘက်ကြား ထဲမှာ လွတ်သွားတတ်တယ်။ ပြောချင်တာက သူကနိုင်ငံခြားမှာ ငါးနှစ်ကြာတယ်ဆိုရင် ငါးနှစ်အတွင်းမှာ ဒီမှာ အများကြီး ပြောင်းတယ်။ ပြောင်းတယ်ဆိုတာ ဘေးပတ်ဝန်းကျင်တင်ပြောင်းတာမဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်ပါ ပြောင်းတာ။ ဥပမာ-သူ့နှမက အိမ်ထောင်ကျချင်ကျမယ်။ သူ့အဖေကသေရင်သေမယ်ပေါ့။ သူ့ပတ်ဝန်းကျင် ကိုကပြောင်းသွားတာ။ ပြောင်းသွားတဲ့ အခါကျတော့မှသူကပြန်ဝင်တော့ တကယ့်ကို ကိုယ့်တိုင်းကိုယ့်ပြည်ပြန်လာတာဖြစ်ပေမယ့် တကယ့် Foreign Land ကိုရောက်လာသလိုဖြစ်တတ်တယ်။ အဲဒီလိုဖြစ်တော့ သူက ဒီမှာမလုပ်တတ်တော့ဘူး။ မလုပ်တတ်တော့ပိုက်ဆံ အရင်း အနှီးရှာ၊ နောက်တစ်ခါပြန်ထွက်။ အဲဒီအခါမှာ သူ့အရွယ်က လွန်သွားပြီ။ အဲဒါကြောင့် အရွယ်ဆိုတာ သိပ်သတိ ပေးရတယ်။ သိပ်ကြောက်ဖို့ကောင်းတယ်။ မျက်စိအောက်တွေ့ဖူးတာပဲ။ ဟိုကိုသွားရင် ငွေကြေးအရင်းအနှီးရော၊ ဦးနှောက်အရင်းအနှီးရောသုံးရတာကို။ ဒီကနေထွက် သွားလိုက်တော့ သူပညာသင်ထားတဲ့ဦးနှောက်ကို ဟိုကအဆင်သင့်ခူးပြီးသား၊ ခပ်ပြီးသား ယူသုံးလိုက်တာပဲ။ အဲဒီဦးနှောက်အရင်း အနှီးက ဟိုမှာကိုယ်ကပေးဆပ်ရတာ။ ကိုယ်ကရောင်းစားရတာ။ ရောင်းစားတဲ့အခါ ကျတော့ ဦးနှောက်အရင်းအနှီးကို ရောင်းစားနေတဲ့အတောအတွင်းမှာ ကိုယ့်ဦးနှောက် အရင်းအနှီး ကိုထပ်ပြီးတိုးပွားအောင်မလုပ်နိုင်လို့ရှိရင် ဟန်မကျ တော့ဘူး။ ဥပမာဆိုပါတော့ . . ဟိုမှာ သင်တန်းတွေဘာတွေနဲ့ တကယ်ကိုနား ချိန်မရှိလောက်အောင် အလုပ်လုပ်ရ တယ်ဆိုရင် မသိဘူးပေါ့။ အဲဒီမှာ ဆည်းပူးရမှာပေါ့။ ကိုယ့်ဦးနှောက်ဖွံ့ဖြိုးသထက်ဖွံ့ဖြိုးအောင် ဆည်းပူးနေ ရမှာပေါ့။ ဟိုမှာ တချို့ဆိုရင် စာမေးပွဲတွေ ဘာတွေဆက်ဖြေတယ်။ အဲဒီလို ဦးနှောက်အရင်းအနှီး။ အခုမြင်တာက သိန်း(၃ဝ) ကုန်တယ်၊ သိန်း(၂ဝ)ကုန်တယ် စသည်ဖြင့် ငွေရင်းနှီးတာကိုပဲမြင်တာကိုး။ မင်းကို ဒီအသက် အရွယ်အထိ မင်းသင်ခဲ့တဲ့ ပညာကနည်းတာလားပဲ။ တကယ်လို့ မင်းဘွဲ့ရပြီးသားဆိုရင် မင်းရဲ့ပညာသင်ခဲ့တာက (၁၅)နှစ်၊အနှစ်(၂ဝ) ကြာပြီ။ အဲဒီအရင်းအနှီးကြီးကို ကိုယ်ကပေးလိုက်ရတာ။ ပြီးတော့အဲဒီအရင်းအနှီးကရပ်သွားသလား၊ ဆက်ပြီးတိုး နေသလား ဆိုတာ အဲဒါမင်းအပေါ်မှာတည်တယ်။ ဟိုမှာသွားပြီးနေတယ်ဆိုရင် ဆက်ပြီးဆည်းပူးနိုင်ရမှာပေါ့။ ဟိုမှာ အလုပ်လုပ်ရင်းနားချိန်မရှိအောင် over time နဲ့ ဘာနဲ့ခိုင်းတော့ အလုပ် ချိန်ပြီးရင်ဖလက်ပြသွားပြီ။ ဒါမှမဟုတ်လို့ရှိရင် ဟိုသွားဒီသွားပေါ့။ သောက်ကြစားကြ . . .အဲဒီလိုဖြစ်ကြတာပေါ့။ ပြီးတော့ အခုမင်းတို့ အင်တာနက်ကနေ chatting တို့၊ ဂိမ်းတို့ပါပေါ့။ ဒီဟာတွေမှာ ဘယ်ဟာက ကိုယ့်အတွက်အသုံးဝင်တယ်၊ မဝင်ဘူးဆိုတာ ကိုယ့်ဘဝအတွက် သေချာ မလုပ်ဘူး။ chatting တွေပဲပြောနေရင်၊ ဂိမ်းတွေပဲဆော့နေရင် မင်းတို့ဟာ ယိမ်းနွဲ့ပါးနဲ့ ငါးခုတ်နေတဲ့ကောင်တွေလို့။ ဒီဟာတွေကနေ တန်ဖိုးရှိတာ အသုံးမချနိုင်ကြ ဘူးလို့ ပြောလိုက်တယ်။ ဦးနှောက်အရင်းအနှီးဆိုတာအဲဒါပဲ။ ခုနကပြောသလို အင်တာနက် ကောင်းတော့ ဘာလုပ်သလဲ . . .ဂိမ်းဆော့နေတယ်။ ဘာမှန်း၊ ညာမှန်းမသိ တောင်ပြော၊ မြောက်ပြောနဲ့ chatting။ မဟုတ်တာနဲ့ အချိန်ကုန်တယ်။ မဟုတ်တာနဲ့ အချိန်ကုန်တဲ့သူတွေ လောကကြီးမှာများတာပဲ။ လူတစ်ရာမှာ သုံး၊ လေး၊ ငါးယောက်သာ ကိုယ့်အချိန်ကို တန်ဖိုးရှိရှိ အသုံးချတာ။ အခုမြန်မာပြည်မှာ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတာ လူငယ်တစ်ရာမှာ ဘယ် နှယောက်မှမရှိဘူး။ ဒါပေမဲ့ကိစ္စမရှိဘူး။ အဲဒီအချိန် သုံးတတ်တဲ့ လူငယ်သုံးလေးယောက် လောက် ကပဲ မြန်မာပြည်ကိုခေါင်းဆောင်သွားမှာပဲ။ ဟိုကောင်တွေက နောက်က ဝေလေလေ လိုက်ကြပေါ့။ ဦးနှောက်အရင်းအနှီးဆိုတာ အဲဒါကိုပြောတာ။

နိုင်ငံခြားသွားတဲ့သူတွေ အိမ်ကို ငွေပြန်ပို့ပေးတာနဲ့ တစ်ဦးချင်းဝင်ငွေကြောင့် တိုင်းပြည်ဝင်ငွေအပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်နိုင်မယ်ထင်ပါသလဲ။

ပြန်ပို့နိုင်တာနဲ့တင် တိုင်းပြည်ရဲ့ဝင်ငွေအပေါ် စဉ်းစားကြည့်ရင် ဟိုတုန်းကသင်္ဘောသားတွေပြန်ပို့ခဲ့တာ တိုင်းပြည် ဝင်ငွေ ထိုက်သင့်သလောက်ရတာပေါ့။ ဒါပေမဲ့ဒီလောက်ပြောပလောက်အောင်မဟုတ်ပါဘူး။ သူ့အတွက်ကြောင့်မို့လို့ တိုင်းပြည်ရဲ့စီးပွားရေးကြီးပြောင်းလဲ သွားလောက်အောင်မဖြစ်နိုင်ပါဘူး။ တကယ်က တိုင်းပြည်က သယံဇာတပဲ အားကိုး ရတာပဲ။ အဲဒါသာလျှင်ရှိတယ်။ ဆန်၊ စပါး၊ export ပေါ့။ အခုဆိုရင် gas ပေါ့။ အရင်ကသစ်ပေါ့။ အခုသစ်က သိပ်မရတော့ဘူး။ တခြားသား၊ ငါး export တွေ . . .အဲဒါတွေကတကယ့် တိုင်းပြည်ဝင်ငွေ ဖွံ့ဖွံ့ဖြိုးဖြိုး ရနေတာ။ ဒီကလေးတွေအလုပ်လုပ်ပြီး ပြန်ပို့တယ်ဆိုတာရတော့ရတာပေါ့။ ဒါပေမဲ့ သိပ်အများကြီးမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ စီးပွားရေးပြောင်းလဲသွားလောက်အောင် အကျိုးရှိလောက်အောင် မရပါဘူး။

နောက်တစ်ခုက ဆရာကြီးပြောခဲ့ဖူးတဲ့ သခင်စိတ်ထားဖို့နဲ့ သူခိုးစိတ်၊ ကျွန်စိတ်မထားဖို့ဆိုတာရှင်းပြပေးပါ။

သခင်စိတ်ထားရမယ်ဆိုတာ တို့ဗမာအစည်းအရုံးမှာ သခင်ဆိုတဲ့စကားလုံးကိုက အဲဒီ တုန်းက အင်္ဂလိပ်ကို သခင်ခေါ် နေရတာကိုး။ ဘုရားထူးနေရတာကိုး။ အဲဒီဥစ္စာကို ပြောင်းပြန် လှန်ပြီးတော့ သခင်ဘသောင်းက စတာပဲ။ ပိုက်ဆံပေးခိုင်းတဲ့သူက သခင်၊ ပိုက်ဆံငွေကြေးယူပြီး လုပ်ရတဲ့သူကအစေခံကျွန်လို့မသုံးဘူး . အဲဒီတုန်းက အစေခံလို့သုံးတယ်။ အဲဒီတော့ ‘ဘုရင်ခံကစပြီးပြာတာထိအောင်ဟာ တိုင်းပြည်ရဲ့အစေခံတွေပဲ . . .ငါတို့ သာလျှင်သခင်’ ဆိုပြီးသုံးခဲ့တာ။ အခုဒီနေရာမှာ သခင်စိတ်ထားရမယ်ဆိုတာ ကိုယ်ကအလုပ်လုပ်တယ်။ အလုပ်လုပ်တဲ့အခါမှာ ကိုယ့်သိက္ခာကို ကိုယ်ရိုသေတဲ့သဘောနဲ့ အဲဒီလိုစိတ်မျိုးကိုထားရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဟိုဟာလစ်ထား၊ ဒီဟာလစ်ထားသူခိုးစိတ်ပေါ့။ ဝတ်ကျေတန်းကျေလုပ်တာကျွန်စိတ်ပေါ့။ ဆိုလိုတာက ဥပမာ-မင်းလုပ်ငန်းတစ်ခုကို လုပ် တယ်ဆိုပါတော့။ ဒီလုပ်ငန်းကို မင်းကလခစားအနေနဲ့လုပ်တာပဲ။ သို့သော် အဲဒီလုပ်ငန်းကို မင်းကဒီနည်းနဲ့အပြင် ဒီပြင့်ဘယ်နည်းနဲ့ လုပ်နိုင်သေးသလဲလို့ ကိုယ်လုပ်ငန်းကဲ့သို့ သဘောထားပြီး ကြံစည်ပြီးတော့လုပ်သွားတဲ့သူ သခင်စိတ်ပဲ။ အဲဒီလူတွေက ကြီးပွားလာတာပဲ။ သခင်စိတ်ကို အဲဒါပြောချင်တာ။ ကျွန်စိတ်ဆိုတာ ဝတ်ကျေတန်းကျေပဲ။ သူခိုးစိတ်ဆိုတာ အချိန်ရော၊ဘာရော မျိုးစုံခိုးတာ။ အဲဒါတွေကျတော့ စာရိတ္တဘက်ပါသွားတယ်။ ကျွန်စိတ်က နိမ့်ကျတဲ့သဘောပါတယ်။ သူခိုးစိတ်က စာရိတ္တပျက်တဲ့ သဘောပါတယ်။ သခင်စိတ်ကတော့ တကယ့်ကိုအကောင်းဆုံးပဲ။ ဆိုကြစို့ … မင်းအခု လျှပ်တစ်ပြက်တိုက်မှာ လုပ်နေတယ်ဆိုတာမှာ ဘယ်လိုလုပ်လို့ရှိရင်ကောင်းနိုင်မလဲ၊ မင်းအမြဲစိတ်ကူးနေရမယ်။ မင်းဟာ ပိုင်ရှင်တော့မဟုတ်ဘူး။ ဒါပေမဲ့ မင်းစိတ်ထဲမှာ ဒီလုပ်ငန်းကို ဘယ်လိုလုပ်ရင်ကောင်းနိုင်မလဲဆိုတာကို အမြဲတမ်း စိတ်ကူးကြံစည်နေရမယ်။ သူများတွေ ဘယ်လို လုပ်နေသလဲ။ ဒီပြင့်တိုက်က ဘယ်လိုလုပ်နေသလဲ၊ ဘယ်လိုစာအုပ်က ဘယ်လို လုပ်သလဲ၊ အဖုံးက ဘယ်လိုလုပ်သလဲ၊ ဒါတွေကို မင်းမပြတ်ကြည့် နေရ မယ်။ နိုင်ငံခြားက စာစောင်တွေကြည့်ရမယ်။ ဘယ်လိုတင်သလဲ၊ ဘယ် လိုပြင်သလဲ၊ ဘယ်ဓာတ်ပုံထည့်သလဲ၊ အဲဒါကိုကြည့်ပြီး မင်းလုပ်ငန်း အပေါ်စိတ်ဝင်စားရမယ်။ မင်းဟာပိုင်ရှင်မဟုတ်ဘူး။ အလုပ်သမား တစ်ယောက်ပဲ။ ဒါပေမဲ့ ကိုယ့်လုပ်ငန်းဖြစ်ဘိသကဲ့သို့ စိတ်ကူးကြံစည်ပြီး လုပ်နေရင် အလိုလိုနေရင်းသခင်စိတ်ဖြစ်သွားတာပဲ။ တစ်နေ့ကျရင် မင်းကြီး ပွားလာမှာပဲ။ ရေခြားမြေခြားမှာ အလုပ်ဖိစီးမှုတွေ အဆင်မပြေမှုတွေများလာရင် လူ့ သဘာဝအရ အားငယ်လာမယ်။ အားငယ်လာရင် အားကိုးရာစိတ်ထွက်ပေါက် ရှာမယ်။ ဘယ်လိုစိတ်ထွက်ပေါက် ရှာသင့်သလဲ။ ရေခြားမြေခြားရောက်သွားတဲ့အခါမှာ ဒီလိုအားငယ်တတ်တာသဘာဝပဲ။ ဒါဟာ ဘယ်သူမဆိုပါ။ ငါလည်းဖြစ်ခဲ့ ဖူးတာပဲ။ ဖြစ်ခဲ့ဖူးလို့ပဲ တစ်လောတုန်းကဆောင်းပါးလေးတစ်ပုဒ် ‘ဝပ်ကျင်း’ ဆိုတာ ရေးလိုက်သေးတယ်။ ကိုယ့်ဝပ် ကျင်းလေးကိုမခွာနိုင်တဲ့ကိစ္စပေါ့။ အဲဒီတော့အားငယ်သွားတာပဲ။ ဘယ်လောက် အသက်ကြီးကြီး၊ ဘယ်လောက် ပညာ တတ်တတ် အားငယ်တတ်တယ်။ နောက်တော့ နေသားကျ သွားတော့မှသာ တဖြည်းဖြည်းကျင့်သားရတာပေါ့။ အရေးကြီးတဲ့အချက်က ဝင်လုပ်ရတဲ့လုပ်ငန်းက ကာယလုပ်ငန်းလား၊ ဥာဏလုပ်ငန်းလားရှိတယ်။ဥာဏလုပ်ငန်းဆိုရင် ကိုယ့်ဥာဏ်နဲ့ဆက်ပြီး ဦးနှောက် အရင်းအနှီးရအောင် ဘယ်လိုလုပ်ရင်ရမလဲဆိုတဲ့ always learning ပေါ့။ အမြဲတမ်း ကိုယ့်လုပ်ငန်းကို တိုးတက်အောင် ဆည်းပူးနေခြင်းပေါ့။ ဒါပေမဲ့ ကာယလုပ်သားကျတော့ အဲဒါမျိုးမလွယ်ဘူး။ မလွယ် တော့ အားတဲ့အချိန်မှာ entertainment ပေါ့ . . .ကိုယ့်စိတ်ကိုဖြေဖျော်တာ တစ်နည်းရှိတယ်။ တိုးတက်လာအောင် လုပ်တာ တစ်နည်းရှိတယ်။ အဲဒီနှစ်နည်းမှာဖြေဖျော်တဲ့ ဥစ္စာမှာမဟုတ်တဲ့နည်းနဲ့၊ ကိုယ့်ကိုကိုယ် ဖြေဖျော်တာမျိုး မဟုတ်ဘဲနဲ့ ကက်ဆက်သီချင်းလေးတွေ နားထောင်တာတွေထက် လွန်သွားပြီးတော့ ဟိုတယ်တွေ၊ ကလပ်တွေလျှောက် ပြီးသွားရင်တော့ ပိုက်ဆံကုန်တာအပြင် စရိုက်နည်းနည်းပျက်သွားတတ်တယ်။ လူပေါ့ပျက်သွား တတ်တယ်။ အကောင်း ဆုံးက အားလပ်တဲ့အချိန်မှာ စာဖတ်နေတာအကောင်းဆုံးပဲ။ စာဖတ်တဲ့အခါမှာလည်း စာဖတ်တာရိုးရိုးဆိုရင် လူက အလုပ်လို့သဘောမထားဘူး။ အပျင်းပြေလို့ သဘောထားသွားတတ်တယ်။

No comments:

Post a Comment