တစ်နေ့ က ဆရာဦးအောင်သင်းနဲ့ ခေတ်ပြိုင် အင်တာဗျူး ပြီးတော့ လျှပ်တစ်ပြက်နဲ့ အင်တာဗျူးလေးတွေ ဖတ်ရလို့  စဉ်းစားမိရာကနေ ဒီစာလေးရေးဖို့  ဖြစ်လာပါတယ်။ တကယ်တော့ ဆရာဦးအောင်သင်းဆိုတာ ကျွန်တော်တို့  လူငယ် တွေရဲ့ ဘဝမှာ အတွေးအခေါ်ပိုင်းကို အနည်းနဲ့ အများတော့ လွှမ်းမိုးထားလေ့ ရှိပါတယ်။ ဥပမာ ဆုတောင်းခြင်းနဲ့ ဆုပန်ခြင်း ကွာခြားတာ၊ လူငယ်တစ်ယောက်ရဲ့  ရည်မှန်းချက်ကို ဘယ်လိုထားရမယ် ဆိုတာ သင့်တော်တဲ့ ပုံပြင်တွေ ဥပမာတွေ နဲ့  ရဲရဲတောက် ဟောပြောခဲ့တာတွေ အများကြီး ဖတ်ခဲ့ မှတ်ခဲ့ ရပါတယ်။ ပြောတဲ့စကားတိုင်းမှာ စေတနာ တွေအတိုင်းသား မြင်နေရပါတယ်။
အခု ဒီအင်တာဗျူး ဖတ်ရလို့  ဆရာနဲ့ ခေတ်ပြိုင်ကို အထူးကျေးဇူး တင်ပါတယ်။ကျွန်တော်ကတော့ ဆရာ ဆိုလိုချင်တဲ့ လူတွေထဲက တစ်ယောက် တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်သက်ဆိုင် နေပါတယ်။ တကယ်တမ်းတော့ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ဆိုတာ ကျွန်တော့်ရည်မှန်းချက်ထဲမှာ မပါပါဘူး။ အရင်းနှီး မရှိလို့ ထက် ကိုယ့်နိုင်ငံမှာ ကိုယ့်ဟာကိုယ် ကြီးပွားအောင် လုပ်ပြမယ်ဆိုတဲ့ စိတ်နဲ့  အသက်(၂၈)နှစ်ကျော် အထိ မြန်မာပြည်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဆရာဦးအောင်သင်း၊ ဆရာဖေမြင့် တို့ စာတွေ ဖတ်ပြီး စိတ်ဓါတ်တွေကို ပြုစုပျိုးထောင်ခဲ့ပါတယ်။ ကားပြင်လောကမှာ နောက်လိုက် တပည့်တစ်ယောက် အဖြစ်ကနေ ကိုယ်ပိုင်ဆိုင်ထောင်နိုင်တဲ့အထိ ကြိုးစားခဲ့တယ်။ ကံ၊ဥာဏ်၊ဝီရိယ မှာ ကံတော့ မသိဘူး။ ကျန်တဲ့နှစ်ခုကိုတော့ အားမလျော့တမ်း ဖြည့်တင်းခဲ့တယ်။ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ သူငယ်ချင်း တွေနဲ့  ယှဉ်ရင် ငွေကြေးကလွဲပြီး အားလုံးသာတယ်လို့ ယူဆခဲ့တယ်။
ဒါပေမယ့် အချိန်ကာလတစ်ခု လွန်မြောက်ပြီးတဲ့ အခါ ကိုယ့်လုပ်ငန်းဝင်ငွေ မတိုးတက်လာတဲ့အပြင် ရပ်တည်ဖို့ တောင် အနိုင်နိုင်ရုန်းကန်နေရတယ်လို့ ခံစားလာရတယ်။ ဒီအချိန်မှာ ကျွန်တော်နားမလည်နိုင်တဲ့ လှိုင်းတွေ နိုင်ငံစီးပွားရေး ဂယက်တွေ ကြားထဲ လမ်းပျောက်လာတယ်။ လူ ငယ်တစ်ယောက်အတွက် နေရာ တစ်နေရာ ရောက်အောင် ကြိုးစားရတဲ့ ခက်ခဲမှုထက် အဲဒီနေရာမြဲအောင် ကြိုးစားရတာ ပိုပြီးခက်ခဲလာတယ်လို့  ကျွန်တော်ခံစားရတယ်။(ကျွန်တော် ညံ့တာလား ဒါမှမဟုတ် ရိုးသားလွန်းတာလားတော့ မသိဘူး။) ဒီ အကျပ် အတည်းက ရုန်းထွက်ဖို့ နည်းလမ်း ရှာမတွေ့ ခဲ့ပါဘူး။ ရေရှည်ရင်းနှီးဖို့  ငွေကြေး မပြည့်စုံတာလည်းပါပါတယ်။
ဒီကြားထဲမှာ ရပ်တံ့နေတဲ့ ပညားရေးပြီးဆုံးဖို့ လည်း အတတ်နိုင်ဆုံး ကြိုးစားကြည့်သေးတယ်။ နောက်ဆုံးလက်လျော့လိုက်တယ်။ ဘဝကို ဂငယ်ကွေ့  ကွေ့ ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့် လုပ်ငန်းကို အသိတစ်ယောက်ဆီလွှဲတဲ့အချိန် ဖြစ်ပေါ်လာသောခံစားမှုကို ဖွင့်ဆိုဖို့  စကားလုံးမရှိခဲ့ဘူး။ ကိုယ့်ခြေ ကိုယ့်လက် နဲ့  တည်ဆောက်ထားတဲ့ဘဝကို ကိုယ်တိုင်ရိုက်ချိုးဖျက်ဆီးလိုက်တာ မှန်လားမှားလားဆိုတာကိုတောင် မဝေဖန်မပိုင်းခြား ချင်တော့ပါဘူး။ တကယ်တော့ ဒီအချိန်မှာ အချိန်ကိုက်ဖြစ်ပေါ်လာသော တွန်းအား တစ်ခုကြောင့်လည်း ဒီလိုဆုံးဖြတ်ချက်ချဖြစ်တာလည်းပါပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကိုယ်ခြေထောက်ပေါ် ကိုယ် ရပ်တည်ပြီး ကိုယ်ပိုင်အစွမ်းအစနဲ့ ကြီးပွားသွားကြတဲ့ သူတွေကို အရမ်း လေးစားတယ်။ အားကျတယ်၊ ဂုဏ်လည်း ယူတယ်။ အရိုးသားဆုံးနည်းလမ်းနဲ့  ဆိုရင်ပေါ့။
ဘာပဲဖြစ်ဖြစ် လမ်းတိုင်းကို ရွှေခင်းထားတယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘယ်နေရာ ဘယ်နိုင်ငံမှာ ပဲဖြစ်ဖြစ် ကျွန်တော်တို့ အတွက် လမ်းတစ်ခုတော့ ရှိရမယ်လို့  လက်ခံထားပါတယ်။ ဆရာ့ အမြင်၊ ဆရာအကြံပေး တာတွေကို အကြွင်းမဲ့ လက်ခံပါတယ်။ ကိုယ်မြေကနေ စွန့် ခွာပြီး ထွက်လာကြတဲ့လူ တော်တော်များများမှာ ခိုင်လုံသော အကြောင်းပြချက် ကိုယ်ဆီရှိကြမယ်လို့  ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် လူတစ်ချို့ ဟာ ပြင်ဆင်မှုတွေ ပြည့်စုံအောင် မလုပ်ခဲ့တာတော့ သေချာပါတယ်။ ဒါဟာကျွန်တော်တို့  သေချာမသိတဲ့ ဘဝကို စွန့်  စား ခြင်းဆိုတာတစ်ခုထဲနဲ့ တိုးဝင်ခဲ့လို့ ပါပဲ။ ဒီအထဲမှာ ကျွန်တော်ကိုယ်တိုင်လည်း ပါဝင်ပါတယ်။
(အပိုင်း(၂) ဆက်လက်ဖော်ပြပါမည်)
လေးစားစွာဖြင့်...
No comments:
Post a Comment