Saturday, 14 November 2009

ကျွန်တော်သည် အခွံချွပ်ထားသောမျောက်တစ်ကောင်

2













(photo source)


အဲဒီညက ခြိမ်းသောမိုးမျိုး ဒီတစ်သက်မှာကျွန်တော်တစ်ခါမျှပင် မတွေ့ ဖူးပါ။ ဒီဒေသကို အမှန်တစ်ကယ်စွန့် ခွာတော့မည်ဆိုမှ ရင်မှာဆို့ နင့်ကြေကွဲ လာသည်။ ငြင်းဆန်မရသော ဖိအားတစ်စုံတစ်ရာကြောင့် ကျောခိုင်းခဲ့ရခြင်း ဖြစ်သည်။


တကယ်တော့ ကျွန်တော်သည် အခွံချွပ်ထားသော မျောက်တစ်ကောင်သာ ဖြစ်သည်။


(၁) ကျွန်တော်နှင့် မျိုးရိုးဗီဇ


ကျွန်တော်ငယ်ငယ်တုန်းက အမေမကြာခဏပြောဖူးသည်။


“ အမေတို့ မျိုးရိုးဟာသာမန်မဟုတ်ဘူး။ အခု လူလို့ ခေါ်တဲ့ သတ္တာဝါတွေဟာ အမေတို့ ဆီကဆင်းသက်တာ။ အမေတို့ ဟာ မျောက်မျိုးစိတ်ထဲမှာ အမြင့်ဆုံး အမြတ်ဆုံး။ ဒါကို ဂုဏ်ယူတတ်ရမယ်သား"


အမှန်တော့ ကျွန်တော်သိပ်နားမလည်ပါ။ တန်ဖိုးတစ်ခုကို ဘာပေတံနဲ့  တိုင်းတာသလဲ။ ထာဝရအမှန် အမှားဆိုတာရော တကယ်ရှိသလား။ ကိုယ့်မျိုးရိုးကို ဂုဏ်ယူတတ်ဖို့  တခြားသူကိုထိခိုက်စရာလိုသလား။


တကယ်တမ်းတော့ အဖေကျွန်တော့်ကို စိတ်ပျက်နေတာ ကြာပြီ။ ပြောရရင် အဖေက ဒီဒေသမှာ အကုန်လုံး လေးစားခင်မင် အားကိုးမှုကို ရထားသူ။ မျက်နှာကြီးပေါ့။ ကျွန်တော်ကတော့ (အဖေ့စကားအရ) စောက်တလွဲကောင် မျိုးရိုး သိက္ခာချတဲ့ကောင် မျိုးမစစ်ကောင် စသည်ဖြစ် နာမည်မျိုးစုံ ခေါ်ဝေါ်သမုတ် ခံရလေ့ရှိသည်။ (သူ့ လိုဖြစ်စေချင်တဲ့ အဖေရဲ့ စေတနာကိုတော့ ကျွန်တော်နားလည် ခံစားရ ပါတယ်)


(၂) ကျွန်တော်နှင့် ပြင်ပလောက



ကျွန်တော်အရွယ်ရောက်တော့ စူးစမ်းချင်သောစိတ်က အတောမသတ်နိုင်သေး။ ရွယ်တူတွေက မျောက်တို့ တတ်အံ့သောကိုယ်ခံပညာ အသက်မွေးဝမ်းကျောင်းဆိုင်ရာအတတ်ပညာများ သင်ယူလေ့လာ တတ်မြောက်ဖို့  အသီးသီးကြိုးစားနေကြချိန်မှာ ကျွန်တော်က ပတ်ဝန်းကျင်ဆိုင်ရာစူးစမ်းမှုတွေလုပ်၊တခြားမျိုးမတူတဲ့သတ္တဝါတွေဆီသွားပြီးသူတို့ ရဲ့ ဓလေ့ထုံးစံတွေလေ့လာ၊ ဒီလိုနဲ့ ပဲ ကျွန်တော်ဟာ ဘာသာစကားမျိုးစုံတတ်ကျွမ်းလာသည်။

မျိုးရိုးမတူတဲ့ မိတ်ဆွေသူငယ်ချင်းများရဲ့ မှတ်ချက်တွေ အယူအဆတွေ နားထောင်ရင်းနဲ့  ကျွန်တော် တို့ မျောက်မျိုးရိုးတွေ ကိုယ့်ကိုကိုယ် ကပ်သီးကပ်သပ် ဂုဏ်ယူနေကြတာကို နားလည်လာသည်။ အင်းအား ပါဝါ တွေ ကြီးလာအောင် ကြိုးစားပြီး ကိုယ့်ထက်အားနည်းတဲ့ သူတွေအပေါ် လွှမ်းမိုးအနိုင်ယူချင်နေတာတွေ နားလည်လာသည်။


သူတို့ ကတော့ ကိုယ့်မျိုးရိုးကို ကာကွယ်ခြင်းလို့ နာမည်တပ်ထားကြသည်။ မျိုးရိုးဝါဒတွေ နေ့ တိုင်း သင်ကြားပြီးတော့ ပုံစံသွင်းထားကြသည်။


သို့ နှင့် ပြောဆိုဆုံးမ၍ မရသော ကျွန်တော့ကို တစ်နေ့ အဖေက ခေါ်ပြီး


"မင်းးဒီဒေသမှာ နေချင်ရင် ငါတို့ ပြောတာလိုက်နာ ဒါမှမဟုတ် ဒီကထွက်သွား” လို့ တစ်ခွန်းတည်း ပြောလေသည်။



(၃) ကျွန်တော်နှင့် ကတ္တီပါလမ်းခွဲ

ဒီမြေမှာကြီး ဒီလေကို ရှူရှိက်ပြီး အသက်ရှင်သန်လာခဲ့သော ကျွန်တော့ရဲ့ သွေးကတော့ ဒီမျိုးရိုးစစ်စစ်ပါ။ ဒါပေမယ့် မတူညီတာတွေ ဝတ်ဆင်ချင်ခဲ့သူ မတူညီမှုတွေကို အလှတရားတစ်ခုအဖြစ် ပေါင်းစပ်ချင်ခဲ့သူ တစ်ဦးသာဖြစ်သည်။

ကျွန်တော်က စွန့် ခွာသွားခဲ့တာလား ကျွန်တော့ကို စွန့် ခွာသွားခဲ့တာလား မသေချာပေမယ့် ဒီဒေသကတော့ ကျွန်တော့ရင်ဘတ်ထဲမှာ စွဲမြဲစွာ ကျန်ရစ်နေဆဲပါ။ တစ်နေ့ ဒီမြေနဲ့ ဒီလေကို ပြန်လည် ရှုရှိုက်ခွင့် ရလိမ့်မည်ဟု ယုံကြည်ထားပါသည်။

တကယ်တော့ ကျွန်တော်သည် အခွံချွပ်ထာားသော မျောက်တစ်ကောင်သာ ဖြစ်သည်။

No comments:

Post a Comment