Sunday, 17 January 2010

ကျွန်တော်ဖြတ်သန်းခဲ့သောနေ့ ရက်များ(၂)



(ဒီပို့ စ်လေးကတော့ အဟောင်းပါပဲ။ အခုတလောပို့ စ်တွေ မတင်ဖြစ်တာနဲ့ မဖတ်ရသေးသူတွေဖတ်ဖို့ ပြန်တင်ပေးလိုက်ပါတယ်။ လာရောက်လည်ပတ် ဖတ်ရှုကြသူ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်။ တိုက်တွန်းဝေဖန် အကြံဥာဏ်ပေးတာတွေကို ကြိုဆိုလျှက်ပါ။ ကျွန်တော်တို့ အသစ်အသစ်တွေ မပေးနိုင်သေးတဲ့အတွက် အနူးအညွန်တောင်းပန်ပါတယ်ဗျာ။)

ကျွန်တော်နှင့် ကျောင်းသားဘဝ

၁၉၉၈-၉၉ ခုနှစ်လောက်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတစ်စု ကဗျာစာအုပ်လေး တစ်အုပ်လောက် အမှတ်တရ ထုတ်မယ်လို့  စဉ်းစားပြီး စာမူတွေ လိုက်စုခဲ့ပါတယ်။ ဘာပဲလုပ်လုပ် အားလုံးပါစေချင်တဲ့စိတ်က ရှိနေတော့ မေဂျာတိုင်း အခန်းတိုင်း သွားပြီးတော့ ကဗျာစာမူတွေ ရေးကြဖို့   လိုက်ကြေငြာရင်းနဲ့  ဆရာကြီး ဦးဌေးအောင် ကြားသွားတယ်။

ကျွန်တော်တို့ ကိုခေါ်ပြီး ‘မင်းတို့ စာအုပ် မရိုက်ခင် ငါ့ကို ပြ’ လို့  ခေါ်ပြော ပါလေရော။

ဒီလိုနဲ့ ကဗျာတွေ ဆရာကြီးကိုပြ၊ ဆရာကြီးက စီစစ်ရေးလုပ်၊ ပြီးတော့မှ စာအုပ်ရိုက်ဖို့   စီစဉ်ရတယ်။ ဒီနေရာမှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်ရဲ့  ကဗျာကို ဆရာကြီးက ပယ်လိုက်တယ်။

" ဟေ့ကောင်.....ဒီကဗျာရေးတာဘယ်သူလဲ။ ဒီကောင်နိုင်ငံရေးသမားဖြစ်မယ်" တဲ့ဗျာ။

ကျွန်တော်နဲ့ အဲဒီသူငယ်ချင်း ပြန်ပြောရင်း စိတ်မကောင်းလည်းဖြစ်၊ ရယ်လည်းရယ်ချင်နဲ့ ပေါ့ဗျာ။ ဘာဖြစ်လို့ လည်းဆိုတော့ နိုင်ငံရေးသမားဆိုတာဝေလာဝေး ကိုယ့်ကိုကိုယ်တောင် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသေးတဲ့ သူငယ်ချင်းအကြောင်း ကျွန်တော်အသိဆုံးပါ။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာ ရင်ဘတ်တွေရှိခဲ့တယ်။ အဲဒီရင်ဘတ်နဲ့ ခံစားပြီး ကိုယ်ပြောချင်တာကို တတ်သလို ရေးဖွဲ့  ထုတ်ပြောလိုက်တာပါပဲ။ ကောင်းတာရှိသလို မကောင်းတာလည်းရှိခဲ့ပါတယ်။ (အခုတော့ ဆရာကြီးလည်း မရှိတော့ပါဘူး။ )

ဒီလိုနဲ့ ကဗျာစာအုပ်ကို ဆက်လုပ်ခဲ့ပါတယ်။ ကဗျာစာအုပ် နာမည်ကို ‘ကျောင်းတော်ရင်ခွင်’ လို့  ရိုးရိုးလေးပဲ ပေးလိုက်ကြတယ်။ စာစီစာရိုက်နဲ့  ဒီဇိုင်းကိုတော့ မုဒုံက သူငယ်ချင်းတစ်ယောက် (ကိုဖုန်းလို့ ထင်တယ်။)က ကူညီပေးတယ်။ စာအုပ်အဖုံးမှာ ကျောင်းအဝင် မြေနီလမ်းလေး ပုံနဲ့  ရွှေဟင်္သာခန်းမကို နောက်ခံထားပြီး ဒီဇိုင်းပုံဖော်ထားတယ်။ ကဗျာအဆင့်အတန်းအရ တန်းမဝင်ပေမယ့် အတိုင်းတာတစ်ခုထိတော့ ကျေနပ်ခဲ့တယ်။ စာရင်းချုပ်တော့ အရှုံး၊ ဒါပေမယ့် ကျွန်တော်တို့  ကျေကျေနပ်နပ်ကြီးကို ပြုံးခဲ့ကြတယ်။ (ရှုံးမှာပေါ့ စာအုပ်ကြွေးတောင်းလို့  မရတဲ့ သူငယ်ချင်းတွေမှ အများကြီး။)

ဒီပိုစ့်လေးရေးမလို့  လုပ်တော့ မှတ်မှတ်ရရ ခေါင်းထဲကို ကဗျာတစ်ပုဒ်က ပြေးဝင်လာတယ်။ ကဗျာရေးသူကိုတော့ မသိဘူး(ကျွန်တော်တို့  စီနီယာထင်တယ်) ဘယ်မေဂျာလည်း မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဂျီတီအိုင် ကျောင်းသားဘဝကို အပီပြင်ဆုံး ထင်ဟပ်စေတဲ့ ဒီကဗျာကို အမြဲတမ်း အလွတ်ရနေခဲ့တယ်။ လမကုန်ခင် အမြဲ အရင်ကုန်တတ်တဲ့၊ လဆန်းတိုင်း လည်ပင်းရှည်ထွက်အောင် မျှော်ရတဲ့ Money Order ခေါ် ငွေလွှဲ၊ ကျွန်တော်တို့  အခေါ် M.O နဲ့  ကျောင်းသားဘဝ အစိတ်အပိုင်းများစွာ တွဲလျှက် မှတ်မှတ်ရရ ရှိနေတတ်တယ်။

အခုတော့ ဒီကဗျာလေးနဲ့  ကျောင်းသားဘဝကို သမင်လည်ပြန် ပြန်လည်လွမ်းမိပါတယ်။

ကျောင်းသားဘဝ


‘M.O ရောက်ပြီ


မောင်မောင်ကြည်ကွ’


ပျော်ရ ရွှင်ရ


မကြာလှပါ


ထမင်းဖိုးပေး


အဆောင်ကြေးနှင့်


ဆပ်ရကြွေးတွေ


များလှစွာ


ကျောင်းလခတောင်


ကျန်တော့ဘူးဗျ….


ကျန်တော့ဘူး။   ။


(မောင်မောင်ကြည်)




P.S/ (ကိုမောင်မောင်ကြည်ခင်ဗျာ…ကျွန်တော်မပေးဖြစ်ခဲ့တဲ့  စာမူခအနေနဲ့  ရခိုင်ကုန်း ကုန်းထိပ်က ဆိုင်မှာ ဘီအီး အဝတိုက်ပါမယ်ဗျာ။ ခင်ဗျာပေါင်ခဲ့တဲ့ ကယ်ကူလေတာလည်း ‘လာပြန်ရွေးပါဦးတဲ့’ ဈေးထဲက မှာလိုက်တယ်။)



လေးစားစွာဖြင့်.......


No comments:

Post a Comment