ဒါပေမယ့် တော်ရာသင့်ရာ အမိမြေရဲ့ အဝေးမှာတော့ အမိကျောင်းတော်မှာ ဆုံခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ ညီအကိုမောင်နှမ တွေရဲ့ ညီညွတ်မှုကို ပဲ အားကိုးပြီး ကျွန်မတို့ရဲ့ မမေ့နိုင်မယ့် အမှတ်တရ ကုသိုလ်လေးတွေကိုပဲ(နေရာအနှံ့ အပြားမှာ ရောက်နေတဲ့ သူငယ်ချင်းများပါ ) မျှဝေ ကြည်နူးကြရပါတယ်။
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ တိုပါးရိုး မြန်မာဗုဒ္ဒဘာသာ ကျောင်းတော်ကြီး။
အမိမြန်မာပြည်ရဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်အားပဲ ကျွန်မတို့ မွန်ဂျီတီအိုင် ကျောင်းသူကျောင်းသားဟောင်း တစ်စု မနက်မိုးမလင်းခင်ကတည်းက အလုပ်တွေရှုပ်နေခဲ့ရပါတယ်။ ဒီနေ့က ကျွန်မတို့ မွန်ဂျီတီအိုင် ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ (စင်္ကာပူ) ရဲ့ ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲပါ။
အဲဒီရက် မတိုင်ခင်က အလုပ်မရှုပ်ဘူးလား ဆိုတော့လည်း ပဒေသာပင်သီးဖို့ကိစ္စနဲ့ လူစုရ ဈေးဝယ်ရ အစားအသောက်မှာရ နဲ့ မအားလပ်ခဲ့ကြရပါဘူး။ ပြီးတော့ အဖွဲ့သူ အဖွဲ့သားအားလုံးကို ကျွေးမွေးဖို့ နဲ့ ပဒေသာပင်ရဲ့ ကုန်ကျစရိတ် အပြင် ကျောင်းနေ ဆရာတော်များအတွက် အလှူငွေနဲ့ သင်္ကန်း အားလုံးပေါင်း ကုန်ကျမယ့်စရိတ်နဲ့ လက်ခံရရှိတဲ့ အလှူငွေ လုံလောက်ပါ့မလားဆိုတဲ့ ပူပန်စိတ် ကလည်း တမျိုးဖိစီးကြရပါတယ်။
အားလုံးသိပြီးတဲ့အတိုင်း ကျွန်မတို့ အဖွဲ့နဲ့ ပတ်သက်လို့ ဘယ်လိုပွဲမျိုး ဘယ်လိုအခမ်းအနားမျိုးပဲ စီစဉ်ပါစေ မလောက်ရင် အဓိက တာဝန်ယူပြီး လုပ်ကိုင်နေကျတဲ့ ကျောင်းသားဟောင်းတွေက နောက်ဆုံး တာဝန်ခွဲယူကြရတာမို့ အားလုံးကိုလည်း ဒီထက်ပိုပြီး ဝန် မပိစေချင်တော့ပါဘူး။ ဒါပေမယ့် ကျွန်မတို့ တမိတည်းသားတွေ အတော် စေတနာကောင်းတယ် ဆိုတာ ဒီကထိန်ပွဲလေးရဲ့ ငွေစာရင်းရှင်းတမ်း 7th November 2010.xls ကို ကြည့်ပြီးရင် အားလုံး သာဓု မခေါ်ပဲ နေနိုင်မယ်မထင်ပါဘူး။
သုံးကြိမ် တိုင်ခဲ့ပါပြီ။
မွန်ဂျီတီအိုင် ကျောင်းသူကျောင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ စေတနာ သဒ္ဒါတရားတွေပါ။
ကျွန်မတို့ မွန်ဂျီတီအိုင် ကျောင်းသူကျောင်းသားဟောင်းများ အဖွဲ့ (စင်္ကာပူ) ရဲ့ ကိုယ်စား ကျေးဇူးတင်စကားလေး ပြောချင်ပါတယ်။ ကျွန်မတို့ ဘာပဲလုပ်လုပ် အမြဲအားပေးခဲ့တဲ့အပြင် အရောက်လာပေးခဲ့တဲ့ နောင်တော်များ သာမက နောင်လာနောက်သား မောင်ညီမ လေးတွေကိုပါ ကျေးဇူးအထူးတင်ပါတယ်။
အားလုံးက စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ် ထက်သန်တဲ့ စေတနာ အပြည့်အဝ သက်သက်နဲ့သာ ပါဝင်ခဲ့တာ ဆိုပေမယ့် အားလုံးရဲ့ ချစ်စရာကောင်းတဲ့ အဲဒီ စိတ်စေတနာ လေးကိုပဲ ကျွန်မ ကျေးဇူးတင်နေမိတယ်။ အထူးသဖြင့် အမျှဝေ သာဓု ခေါ်တဲ့အချိန်မှာ သူငယ်ချင်းအားလုံး နဲ့ အတူတကွ ထပ်မံပြီး ကုသိုလ်ကောင်းမှုတွေ လုပ်နိုင်ဦးမယ့် အခွင့်အရေးတွေကို ကျွန်မ ထပ်မျှော်လင့်မိပါတယ်။
အဖွဲ့ကိုယ်စား
အေးနန္ဒာဝင်းမောင် (မြို့ပြ)
(Remark: Mon GTI/GTC/GTU ဆုံဆည်းရာဆိုဒ်တွင် တင်ထားသော မနန္ဒာရဲ့ပို့စ်ကို ခွင့်မတောင်းပဲ တင်လိုက်ခြင်းဖြစ်ပါသည်)
No comments:
Post a Comment