မြန်မာနိုင်ငံရှိ အဆောက်အအုံ အများစု သဘာ၀ဘေးကြောင့် ပျက်စီးဆုံးရှုံးမှု လျော့ကျစေရေး အတွက် နိုင်ငံတကာအဆင့်မီ Building Code ကို ပထမဆုံးအကြိမ်အဖြစ် ရေးဆွဲလျက်ရှိကြောင်း သိရသည်။
အဆိုပါ Building Code ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ UN-Habitat အပါအဝင် ဌာနဆိုင်ရာများ မှ တာဝန်ရှိသူများ ပူးပေါင်းရေးဆွဲနေခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
“ဒီ Building Code ကို အချိန်တိုအတွင်း ဆွဲနိုင်ဖို့ဆိုတာလည်း ခက်ပါတယ်။ ဒီတော့ အရင်ဆုံး ရေ ကြီးတာ၊ လေထန်လို့ အဆောက်အအုံပျက်စီးရတာနဲ့ ငလျင်ကြောင့် အဆောက်အအုံတွေရဲ့ ပျက်စီးဆုံးရှုံးမှု လျော့ကျရေးကိုပဲ ဦးစားပေး ရေးဆွဲ နေပါတယ်။ လက်ရှိအချိန်မှာတော့ နိုင်ငံတကာက စည်းမျဉ်းတွေကိုအဖွဲ့ ခုနစ်ဖွဲ့ခွဲပြီး လေ့လာနေကြပါတယ်။ မြန်မာနိုင်ငံမှာက အဆောက်အအုံဆိုင်ရာ စည်းမျဉ်းမရှိသေးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောက်လုပ်နိုင်ရေးအတွက်ကို ဒီစည်းမျဉ်း ကို ပထမဆုံးအကြိမ်အဖြစ် ရေးဆွဲတာဖြစ်ပါတယ်”ဟုလည်း အဆိုပါ Building Code ရေးဆွဲရာတွင် ပါဝင်သူတစ်ဦးက ပြောပြခဲ့သည်။
“အိန္ဒိယမှာဆိုရင်Building Code of India ဆိုတာရှိတယ်။ နီပေါ မှာဆိုရင်လည်းBuilding Code of Neapal ဆိုတာရှိတယ်။ ကျွန်တော် တို့ နိုင်ငံမှာ ဘာမှမရှိဘူး။ ဒီတော့ Building Code of Myanmar ကို ပထမဆုံးအကြိမ် ရေးဆွဲတာ။ ကျွန်တော်တို့နိုင်ငံမှာ မြို့ကြီးတွေတောင် ဒီလိုစည်းမျဉ်းနဲ့ စနစ်တကျ ဆောက်လုပ်မှု အားနည်းတာ၊ ကျေးလက် ဆိုတာကတော့ ရှေးရိုးရာဆောက်တဲ့ နည်းတွေအတိုင်းပဲ ဆောက်ကြမှာပေါ့။ ဒါကြောင့်လည်း Building Code of Myanmar ကို နှစ်နှစ်အတွင်း အပြီး ရေးဆွဲသွားဖို့ရှိပါတယ်” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
(Eleven Media Group)
Eleven Media Group မှသတင်း တစ်ပုဒ်ဖြစ်ပြီး စင်္ကာပူရောက် သူငယ်ချင်းတွေ၊ အဆောက်အဦးလောကထဲက သူငယ်ချင်းတွေအတွက် ဝေမျှလိုက်ပါတယ်။
No comments:
Post a Comment