လွန်ခဲ့သော လေးနှစ်တိတိက ကောင်လေးတစ်ယောက်ရဲ့ခရီးဟာ မပြီးဆုံးသေးတဲ့ ရာဇာဝင်တွေ ရေးထွင်းဖို့ဒီနေ့တည့်တည့်မှာ စတင်ခဲ့တယ်။ အိပ်မက်တွေ ရင်ဘတ်ထဲအပြည့် ဖြည့်သိပ်ထားတာကလွဲရင် ဗလာဟင်းလင်း။ ဒါပေမယ့် မျှော်လင့်ခြင်းတွေ ပိုက်ထွေးလို့ အစိမ်းရောင် အခင်းအကျင်းတွေနဲ့စစ်ခင်းဖို့ သူထွက်လာခဲ့တယ်။ မွေးဖွားရာ မြေကိုစွန့်ပြီးလေ။
နှလုံးသားတစ်ခြမ်းက ကိုယ်ထုဆစ်ချင်ခဲ့တဲ့ ဘဝအတွက်ဆိုရင်
ကျန်တစ်ခြမ်းက ကိုယ်ပြန်လင်းစေချင်တဲ့ သူတွေအတွက်ဖြစ်မယ်။
ကျန်နေခဲ့တဲ့ မြေကြီးက ကျွန်တော့်ကို မဆုံးရှုံးဖို့ဆုတောင်းပေး လေရဲ့။ သူတို့ရဲ့ငိုရှိုက်ဝမ်းနည်းနေမှုတွေကို တစ်နေ့ကျွန်တော့် လက်စိုတွေနဲ့ ဖြေသိပ်ပေးချင်တယ်။ သူတို့က ကျွန်တော့်ကို မဆုံးရှုံးချင်သလို သူတို့ကိုလည်း ကျွန်တော်မဆုံးရှုံးချင်ဘူး။ ဒါဟာ ရိုးရိုးသားသား ပြတ်သားမှု ဖြစ်တယ်။
တကယ်တော့ လေယာဉ်ပျံသယ်ဆောင်သွားခဲ့တာ
ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာသာ ဖြစ်တယ်။
စိတ်ဓါတ်ကိုတော့ ခေါ်ဆောင်သွားလို့မရဘူး။
ဒါပေမယ့် ရှင်သန်ရမယ့် ဘဝသစ်ဟာ မသိကိန်းတွေများလွန်းလှတဲ့ ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ ကိုယ့်ကိုကိုယ် တည်ကိန်းထားပြီး အဖြေမထွက် ထွက်အောင် အားတင်းတွက်နေရတာ။ တစ်ခါတစ်လေ ထိုးကြွေးလိုက်ရတာလည်း ရှိလေရဲ့။
ဒါကြောင့် ဘဝသစ်ဟာ ဖြစ်တည်မှုအသစ် မဟုတ်
ကစားပွဲ အသစ်တစ်ခုသာ ဖြစ်တယ်။
ကစားပွဲ အသစ်တစ်ခုသာ ဖြစ်တယ်။
ယဉ်ကျေးမှု၊ လိုက်လျှောညီထွေ ဓလေ့ထုံးစံ၊ ဆက်သွယ်မှု ကိရိယာ၊ လူနေမှုစတိုင်သစ် ဒါတွေအားလုံးဟာ ကျွန်တော့်ကို ရှော့ ဖြစ်စေ ခဲ့တာလား။ ဒီကစားပွဲမှာ ဒီ tools တွေ မကိုင်တတ်ရင် ခွက်ခွက်လန်ရှုံးပြီးသာမှတ်။ တကယ်တော့ အခွံတွေကိုသာ ယစ်တွယ်နေသော ဒီအသိုင်းအဝိုင်းကို ကျွန်တော်မုန်းတယ်။ ဒီလိုနဲ့ အမုန်းကို လူမသိ သူမသိ ရင်ဘတ်ထဲ တိတ်တိတ်ခိုး စိုက်ပျိုးပြီး ဒီပွဲကို အရှုံးမရှိအောင် အလှဆုံးကြိုးစားပြီးကစားနေရတယ်လေ။
စိုက်ပျိုးရင် ရှင်သန်၊ ရှင်သန်ရင်းစိုက်ပျိုး၊
ဒီလိုနဲ့ တစ်မိုးပြီးတစ်မိုး ထပ်ထပ်လင်းရော့။
ဒီလိုနဲ့ တစ်မိုးပြီးတစ်မိုး ထပ်ထပ်လင်းရော့။
ရင့်ကျက်မှုနဲ့ လမ်းလျှောက်ခွင့်ရနေဖို့ စမ်းသပ်ခြင်း ဓါတ်ခွဲခန်းထဲ ဝင်လိုက်ထွက်လိုက်နဲ့လေ။ ဒါပေမယ့် နောက်ထပ် မျှော်လင့်ချက်တစ်ခု ထပ်ပျိုးမိတယ်။ ရိုးရိုးလေးပါ။ ရွှေပြည်တော်ပြန်တဲ့ တစ်နေ့ ကျွန်တော်စိုက်ပျိုးတဲ့အတိုင်း ပြန်ရိတ်သိမ်းခွင့်ရချင်ပါတယ်။
ကောင်းကင်မှာ အလင်းသစ်တွေ ဖြာခင်းသော တစ်နေ့
ထိုတစ်နေ့ကျရင်ပေါ့………
၂၀၀၇ ခုနှစ် ဇူလိုင်(၇) အမှတ်တရထိုတစ်နေ့ကျရင်ပေါ့………
(နှစ်တိုင်း နှစ်တိုင်း ဒီနေ့ရောက်ရင် ပြန်ဖတ်မိတဲ့ အက်ဆေးတစ်ပုဒ်ပါ။ ဒီစာရေးခဲ့တဲ့ ၂၀၀၇၊ ၂၀၀၈ ခုနှစ်လောက်တုန်းက စိတ်နဲ့အခုလက်ရှိစိတ် ကွာခြားသွားတာ တွေးလိုက်မိပါတယ်။ ဒါကလည်း ရွှေပြည်တော်ပြန်ဖို့နေ့ရက်တွေ ပိုဝေးဝေးသွားလို့များလား မသိပါဘူး။ ဘုရင့်နောင် ဖောင်ဖျက်သလိုမျိုးလို့သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ တကယ်တော့ ကျွန်တော်ဖောင်တောင် မဆောက်ရသေးပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ် ဇူလိုင်(၇) ညနေခင်းမှာတော့ စင်္ကာပူမြေကို စတင်ခြေချခဲ့ပါတယ်။)
No comments:
Post a Comment