ကျွန်တော် ဒီ post ကို ရေးဖို့ တော်တော်ကို စဉ်းစားရပါတယ်၊ ကျွန်တော့်ရဲ့ ပထမဆုံး ဆောင်းပါးလည်းဖြစ်တဲ့ အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပေးပါဗျာ။ ကျွန်တော်နဲ့ ဘ၀တူ မိတ်ဆွေ သူငယ်ချင်း၊ ညီအစ်ကို မောင်နှမများ ရှိပါပဲလို့ တွေးတောရင်း ဒီဆောင်းပါးကို ရေးဖို့ တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်။
ဘ၀ တစ်ကွေ့က ခြေရာများ
မတ်လရဲ့ ပူပြင်းလှတဲ့ ညတစ်ညမှာ...ရာသီဥတုထက် စိတ်ထဲမှာ ပူပြင်းနေတာ ပတ်ဝန်းကျင်က ကျွန်တော့်ကို သတိထားမိဖို့ နေနေသာသာ အမှောင်တွေနဲ့ တိတ်ဆိတ်လွန်းလှပါတယ်။ ကျွန်တော်လည်း တိတ်ဆိတ်လွန်းလှတဲ့ ညကို အံတုချင်ပေမဲ့ ကျွန်တော့်ရင်ထဲက အပူကြောင့် ဘယ်လိုမှ အံတုလို့မရခဲ့ပါဘူး။ ကျွန်တော်အိပ်ဖို့ ကြိုးစားတယ် အိပ်မပျော်ဘူး။ ဟိုလှိမ့် ဒီလှိမ့် အိပ်တယ်။ အဆင်မပြေဘူး။ ဂယောင်ကတန်းနဲ့ တောင်မြောက် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း တရွေ့ရွေ့နဲ့ ရွေ့လျှားနေတဲ့ နာရီလက်တံကို မ၀ံ့မရဲ ကြည့်ခဲ့ပါတယ်။
အရင်က ကျွန်တော် နာရီလက်တံကို တစ်ခါမှ သတိမထားခဲ့ပါဘူး။ ဒါပေမယ့် ခုညမှာတော့ နာရီလက်တံက အသံတွေဟာ ကျွန်တော့်ရင်ထဲက နှလုံးခုန်သံကို ရိုက်ခတ်နေသလိုခံစားရတယ်။ နာရီလက်တံက ထွက်လာတဲ့ အသံကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။ ကြိုးစားရင်း ဒီနှစ်ထဲမှာ ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ လုပ်ဆောင်ချက်တွေကိုစဉ်းစားနေမိတယ်။ စဉ်းစားလေ...ကျွန်တော်ကို့ကိုယ်ကို အရမ်းကို မုန်းခဲ့တယ်။ တစ်ချက်ကျွန်တော်လောကကြီးနဲ့ အဆက်ပြတ်သွားတယ်။ အသက်ဆက်ရှင်တဲ့ အသိစိတ်ကျွန်တော့်မှာ မရှိခဲ့ဘူး။ အစကတည်းက ကျွန်တော်ကြိုးစားခဲ့ရင် ဒီလိုခံစားမှုမျိုး၊ ဒီိလိုပူပြင်းလှတဲ့ ညမျိုး ကျွန်တော်ရင်ဆိုင်ရမှာ မဟုတ်ဘူးလို့ နောင်တတွေ တနင့်တပိုး ခံစားခဲ့ရပါတယ်။
တိတ်ဆိတ်လွန်းလှတဲ့ညဟာလည်း လှုပ်ရှားသံတွေနဲ့ တဖြည်းဖြည်း အသက်ဝင်လာတယ်။ ကျွန်တော်ရဲ့ အိမ်ရှေ့ကနေ ထွက်ပေါ်လာတဲ့ ဆိုင်ကယ်သံရယ် ခေါ်သံရယ် ကြောင့် ကျွန်တော့် တွန့်ခနဲ့ ဖြစ်သွားတယ်။ ကျွန်တော့်ကို လာခေါ်နေကြတာဖြစ်မယ်။ သူတို့ ခေါ်ရာနောက်လိုက်ဖို့ ကျွန်တော့်ခြေလှမ်းတွေ အရမ်းကို လေးလံနေပါတယ်။ သူတို့ကိုကြည့်ရတာ ကျွန်တော့်လောက် စိတ်သောက ရောက်တဲ့ပုံ မပေါက်ဘူး ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ဒီလိုနဲ့ပဲ သူတို့နောက်ကို ကျွန်တော်လိုက်ခဲ့ပါတယ်။
ဆိုင်ကယ်ရဲ့အနောက်ခုံကနေ ကျွန်တော့်ရဲ့ အသက်ရှူသံပြင်းပြင်းရယ်။ ဆုတောင်းသံရယ်ပဲ..သိတယ်။ သူတို့ကျွန်တော့်ကို ဘာတွေပြောနေလဲဆိုတာ ကျွန်တော်ဘာမှ မသိဘူး။ မနက် ၁၂ နာရီ ကျော်ဆိုတဲ့ အချိန်ဟာ ကျွန်တော်တို့ မော်လမြိုင်မြို့ အတွက် တိတ်ဆိတ်လွန်းလှတဲ့ အချိန်ပေါ့။ ဒါပေမယ့်ဒီညတော့ လူတွေနဲ့ အရမ်းကို စည်းကားနေပါတယ်။ စည်းကားလွန်းတဲ့ လူတွေကြားထဲ ကျွန်တော်တိုးဝှေ့ခဲ့ပါတယ်။ ကျွန်တော်လည်းသူတို့လိုပဲ နာမည်တစ်ခုကို လိုက်ရှာနေတယ်။ များပြားလွန်းလှတဲ့ နာမည်တွေရယ်
ကိန်းဂဏန်းတွေရယ် ကျွန်တော်အသက်ရှူအရမ်းကြပ်သလိုခံစားရတယ်။
ကျွန်တော်မမြင်ချင်းဆုံးနာမည်ရယ် နာမည်ဘေးက စာလုံးတွေရယ်ကို ကျွန်တော်တွေ့ပါပြီ။ တစ်ချက် ကျွန်တော့်ရဲ့ အသက်ရှူသံရပ်သွားပါတယ်။ ကျွန်တော့် မျက်နှာမှာလည်း ချွေးတွေနဲ့ အရမ်းကိုပူလောင်နေတယ်။ လူတွေကြားထဲကနေ ကျွန်တော်တိတ်တဆိတ်ထွက်ခဲ့ပါတယ်။ သူငယ်ချင်းတွေက 'ဘယ်လိုလဲ' လို့မေးတဲ့အသံကိုလည်း ကျွန်တော်မကြားတော့ဘူး။ ကျွန်တော့် စိတ်ထဲမှာတော့ မျှော်လင့်တစ်ကြီးနဲ့  စောင့်နေတဲ့ ကျွန်တော့် မိသားစုရယ်။ ဆုံးရှုံးသွားတဲ့ ကျွန်တော်ရဲ့ မျှော်လင့်ချက် ရယ် ဆန္ဒနဲ့ ထပ်တူမကျတာရယ် မျှော်လင့်သလောက် မဖြစ်တာရယ် ကျွန်တော့်ကို အပြစ်တင်မယ့် ကျွန်တော့်ရဲ့ မိသားစုကို ရင်ဆိုင်ရမှာရယ် တွေးပြီး ကျွန်တော်အရမ်းကို ကြောက်နေမိတယ်။
အိမ်အပြန်လမ်းမှာလည်း။ တစ်ခါမှ ၀မ်းမနည်းဘူးတဲ့ ကျွန်တော် မျက်ရည်ကျခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ဘ၀မှာ နောက်ထပ် ရှေ့ဆက် ကြိုးစားဖို့ တွန်းအားပေးတဲ့ စကားလေးတစ်ခွန်း ကျွန်တော့်ရဲ့ သူငယ်ချင်းပြောသွားခဲ့ပါတယ်။
" ငါမင်းအတွက် ဂုဏ်ယူပါတယ်ကွာ"
ကျွန်တော်တို့ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့က ခံစားမှုကို ပြန်လည်ရေးဖွဲ့ရင်း
ဆက်လက်ရေးပါအုံးမယ်
ကိုဇင်(IT)
ကောင်းတယ်ဗျာ...ညီလေး... ဆက်လက်စောင့်ဖတ်အုံးမယ်
ReplyDeleteဒီလိုအချိန်နည်းတဲ့ ကြားထဲက ကြိုးစားပြီးရေးထားတာ
ဝမ်းသာပါတယ်...
Thanks for your post.
ReplyDelete