(ကဗျာဆရာ စောဝေရွတ်တဲ့ စင်္ကာပူဆိုတဲ့ ကဗျာလေးကို VOA မှာ နားထောင်လိုက်ရပါတယ်။ ကဗျာဆရာဟာ စင်္ကာပူကို ခဏရောက်ပေမယ့် ကျွန်တော်တို့ရဲ့ ဝေဒနာတွေ၊ ရင်ခုန်သံတွေကို စာဖွဲ့လိူက်လိူက်လှဲလှဲကို ရွတ်ဆိုသွားတာ ကျွန်တော်တောင်ငိုချင်ပါသွားတယ်။ သူငယ်ချင်းများ အားလုံးပဲ ခံစားကြည့်ဖို့ဝေမျှလိုက်ပါတယ်။)
ပြီးတော့ အသံဖိုင်ကိုလည်း ဒီနေရာမှာရယူနိုင်ပါတယ်။
စင်္ကာပူ……ဟိုးတစ်ချိန်ကတော့ ငါတို့ကိုတူအောင်တုမယ်ဆိုတဲ့မြို့
လေဆိပ်မှာကတည်းက စည်းကမ်းကျတဲ့အလှကိုငေး… နေစရာတွေငေး…. နားစရာတွေငေး….
မလိုသူတွေက ပွဲစားမြို့လေးတဲ့ ဒါပေမယ့်..သူဟာ ကမ္ဘာလေးတစ်ခုပါ။
ဒီကမ္ဘာလေးကို အစစ်၊ အတုခွဲပြီး အလှရှာမယ့် မြန်မာအဖေနဲ့သမီးကို မသင်္ကာတဲ့မျက်လုံးနဲ့
ရန်ကုန်ရေ….နင်ဘယ်လောက်ပြတ်ကျန်ခဲ့ပြီလည်း ငါတို့မပြောရဲ့တော့ဘူး
တနေ့တလံပေါ့ စင်္ကာပူရယ်…။
သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး စနစ်တကျ ကြွေရတယ်
လူတွေရော ဒီလိုပဲလား… တို့အမျိုးတွေအတွက် စိတ်ပူလိုက်တာ
သုတ်သုတ်သွား သုတ်သုတ်လာ သုတ်သုတ်စား သုတ်သုတ်နား အလုပ်တအားလုပ်
လူရောင်စုံကြားထဲမှာ အပြုံးမှာစေတနာပါတာ မြန်မာ အမုန်းချင်းပြိုင်ရင်ရှုံးနိမ့်မှာ မြန်မာ
စင်္ကာပူရေ….ရေကြည်ရာမြက်နုရာဆိုပေမယ့် တို့လူမျိုးက ဂျစ်ပဆီတော့မဟုတ်ဘူး
မြေနဲ့ရေနဲ့ဇာတိနဲ့လူမျိုး စင်္ကာပူရဲ့ငါတို့ကိုမင်း ဝမ်းစာကြွေးထားရပေမယ့်
မင်းကျန်းမာရေးမထိခိုက်စေရအောင် မြန်မာတွေနေတတ်ခဲ့ပါတယ်။
ကမ်းခြေ changi village မှာ အပန်းဖြေတော့ ပက်လက်လှန်ပြီး မှောက်ခုံပြန်တဲ့ လေယာဉ်ပျံတွေကြည့်မိ
ပိုက်ဆံတွေတအားထားခဲ့ရပြီး ဥာဏ်ပညာတွေဘယ်လောက်ယူသွားနိုင်ပြီလဲ
ကိုယ်ကနားပြီး စိတ်ကမနားနိုင်ဘူး စလုံးရေ….။
ငါတို့ဧရာဝတီကိုကျ နာဂစ်ဆိုတဲ့ နာမည်လှလှလေးနဲ့ဘီလူးစီးသလို ဝင်မွှေသွားတဲ့ ပင်လယ်မက
စလုံးကျမှ စည်းကမ်းတကျ ညင်သာနေတာ ငါ မခံစားနိုင်ဘူး။
အီကွေတာအောက်ကမြို့ကလေး ပွင့်သမျှပန်းတွေမမွှေးဘူး
မင်းရဲ့ကောင်းသတင်းကတော့ မွှေးမြပါတယ် ငါတို့များကျတော့ ဘယ်တော့မွှေးမလဲ…။
တို့မြေမှာ သာရေးနာရေးတောင်တွေ့ဖို့မလွယ်တဲ့အမျိုးတွေ သူငယ်ချင်းတွေ
ပင်နီဇွဲလားပလာဇာမှာ အစုံတွေ့ရ
ပေးဖို့လား၊ ရဖို့လား၊ အသာစံဖို့လား အနာခံဖို့လား
တို့မြန်မာတွေ အလကားမဟုတ်ဘူးနော်
စင်္ကာပူ….ခင်ဗျားကြီးအရိပ်မှာ လွတ်လပ်စွာ ကျန်းမာချမ်းသာထားပါ။
ပြောစရာရှိလို့သာ ပြောရ ပြောဖို့မလိုပါဘူး
အိမ်လည် ဧည့်သည် မပူရအောင်ထားပေးတော့ စင်္ကာပူရေ.. ကျေးဇူးပါ။
အဲဒီလို ကျေးဇူး ကိုယ့်တိုင်းပြည်ကိုလည်း ကျေးဇူးတင်ချင်လိုက်တာ။
စင်္ကာပူကမြန်မာတွေအားလုံး မလွမ်းဘူးပြောတဲ့သူမရှိဘူး
အားလုံး….မကြိုက်ဘူးပြောတဲ့လူချည်းပဲ၊ ကျွန်တော်လည်းမကြိုက်ပါဘူး
ဒါပေမယ့် “အဲဒါ ရှော့ရှိတယ်” အမှန်ကိုလည်းပြောမရ အမှားကိုလည်းပြောမရ
သတ္တိရှိလို့ပြောပြန်ရင်လည်း အမုန်းခံရ၊ ကြာလာတော့ သတ္တိရှိလာမှာတောင်ကြောက်ရ
“ဆရာ…အသစ်နဲ့အဆင်ပြေလား..ဟင်”
“ကျွန်တော်မပြန်နိုင်တာ သုံးနှစ်ရှိပြီ”
“အိမ်ကပိုက်ဆံသိန်းတစ်ရာသုံးပြီးထွက်လာတာ အခုထိမကျေသေးဘူး”
“ကျွန်တော်ကွန်ပျူတာနဲ့ဘွဲ့ရလာတာ အခုဒီဟော်တယ်မှာတော့ waiter ပေါ့”
“ပိုက်ဆံမကြေသေးတော့ မိသားစုကိုမျက်နှာပူလို့”
“သင်္ကြန်မှာ ပိတောက်တွေပွင့်လား…ဟင်”
စလုံးမှာမေးတဲ့ စကား “ မင်း..ပြန်လာမှာသိပ်စိုးရိမ်တာပဲ”
“အဆင်ပြေလား” ဆိုတဲ့ မင်းရဲ့မေးခွန်းက
သင်္ကြန်မှာ ပိတောက်မပွင့်သလိုပဲ ငါ့ရင်ကို ပြာကျစေတယ်။
ငါတို့ကအခုချိန်ထ ညံ့နေကျသေးတာကိုး “ခွင့်လွှတ်ပါသားလေးရယ်”။
လူကြီးတွေက “ပြည်ပနိုင်ငံကိုအထင်မကြီးနဲ့” တဲ့
ပြည်ပကိုရောက်နေကြတဲ့မြန်မာပြည်ဖွားတွေအားလုံးဟာ
ပြည်ပကိုအထင်ကြီးလို့ရောက်နေကြတာမဟုတ်ဘူး
ကိုယ့်တိုင်းပြည်မှာ အထင်သေးစရာနဲ့အဆင်မပြေမူတွေပဲနေ့တိုင်းတွေ့နေရလို့
“ပြည်ပရောက်မြန်မာတွေရဲ့တုန့်ပြန်မှု” အဲဒီလိုတော့မပြောပါနဲ့
ကျွန်တော်ကပြည်တွင်းမှာပဲနေသူဆိုတော့ ခံရခက်တယ်
တကယ်ကဘာမဆိုခွဲဝေယူကြပါတယ် ကိုယ်တွေတော့ လုံးဝ…လုံးဝမပါဘူး ။
MRT ရထားပေါ်မှာ iphone ဖွင့်လိုက်တာနဲ့ကမ္ဘာကြီးက ကိုယ့်ရှေ့ရောက်လာ
မြန်မာတွေမညံ့ပါဘူး…. စင်္ကာပူမှာပေါ့
မြန်မာပြည်မှာတော့ ကဗျာဆရာအပါအဝင် အားလုံးညံ့နေသေးတယ်။
‘အမှန်တရားကိုချစ်တယ် သတ္တိမရှိဘူး” “သတ္တိမရှိရင် အမှန်တရားမရနိုင်ဘူး”
လူတစ်ချို့ကမိုက်ရိုင်းရဲရင် လိမ်ရဲရင်အာဏာရမယ်၊ အာဏာရရင်ရူးမယ်
ပိုက်ဆံချမ်းသာမယ် ဒါဆိုလုပ်ချင်ရာလုပ်မယ်
လူများလို့နိုင်ပေမယ့် မမှန်ရင်မနေပါနဲ့ လူနည်းပြီးရှုံးပေမယ့် မှန်ရင်နေကြပေးပါ။
ဒီလိုပညာနဲ့ဒီလိုလုပ်ရည်ကိုင်ရည်နဲ့ဒီလောက်လွမ်းနေတာ
မလွမ်းရအောင်မြန်မာပြည်ကသူဌေးတွေဆီမှာပြန်လာလုပ်ပါလားဆိုတော့
စလုံးရောက်မြန်မာဆရာဝန်တစ်ဦးက “စင်္ကာပူကသူဌေးကလူကိုလူလိုတန်ဖိုးထားတယ်
မြန်မာပြည်ကသူဌေးက လူ့တန်ဖို့နားမလည်တဲ့ပေါင်းစားတွေချည်းပဲ” တဲ့
ကျွန်တော်ဘာပြန်ပြောရမှန်းမသိဘူး ဘယ်တော့မှပြောနိုင်မှန်းလဲမသိဘူး။
သေသေချာချာပြောနိုင်တာကတော့ ပြည်ပရောက်မြန်မာတွေအားလုံးကို
ပြည်တွင်းကမြန်မာတွေအားလုံးက ရင်တွေပြာကျလောက်အောင်လွမ်းနေကြ
ဒီထဲမှာ အမေတွေကပိုဆိုးတာပေါ့။
ရန်ကုန်မြို့က အင်တာနက်ဆိုင် ဂျီတော့မှာ မျက်ရည်တွေချည်းပဲ
အမေတွေကျခဲ့တာလေ……
စင်္ကာပူက အဖြူအမဲအညို ဘယ်သူနဲ့ပြောပြော အလွမ်းနဲ့စပြီး အလွမ်းနဲ့ဆုံးတော့
စင်္ကာပူဆိုတာ အလွမ်းတွေစုနေတဲ့ အလွမ်းမြို့ကြီးလားထင်ရတယ်။
ဘယ်သူမှတော့မျက်ရည်မလွယ်ပါဘူး မင်းသားမင်းသမီးမှမဟုတ်တာ
အလွမ်းကတွန်းထုတ်လိုက်တော့ မျက်ဝနးတာကျိုးရတာပေါ့။
ချစ်သူကိုလည်းချစ်တယ် အဖေအမေကိုလည်းချစ်တယ်
မောင်နှမကိုလည်းချစ်တယ် ဇာတိရပ်ရွာကိုလည်းချစ်တယ်
တကယ်ဆိုချစ်ရက်သားနဲ့ဘာလို့ခွဲရက်တာလဲ။
သုခနဲ့ဒုက္ခပေါင်းထားတဲ့ စင်္ကာပူရဲ့မာယာမှာ ငါတို့အားလုံးနစ်ခဲ့ရပြီ
တစ်ချို့ပြောရွှင်စွာနစ်၊ တစ်ချို့ဝမ်းနည်းစွာနစ်၊ မြန်မာပြည်ကြီးတော့ ချစ်ကြတဲ့သူတွေချည်းပဲ
ကဲအားလုံး ….ကမ္ဘာမကြေ မြန်မာပြည် ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ
စင်္ကာပူရေ…စင်္ကာပူရေ့…..တို့လူမျိုးကိုချစ်ပါ အမှန်တရား၊ ရိုးသားမှုနဲ့မြန်မာတွေပါ။
(ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ ဒါတို့မြေ ဒါတို့ပြည် တို့ပိုင်တဲ့မြေ)
ကဗျာဆရာ စောဝေ
No comments:
Post a Comment