အခြေခံအတိုင်း စဉ်းစားရင် ဒီနိုင်ငံမှာ နောက်ထပ် ၁၅နှစ်၊ နှစ် ၂၀ နေဖို့အစီအစဉ်ရှိရင် အိမ်ဝယ်သင့်ပါတယ်။ အိမ်ဝယ်ရင်တော့ PR အဖြစ်နဲ့ ဝယ်မှာလား။ နိုင်ငံသားပြောင်းပြီးမှ ဝယ်မှာလား။ စသည်ဖြင့်စဉ်းစားဖို့လိုအပ်လာပါပြီ။ (အခုလောလောဆယ် ပြောင်းလဲလိုက်တဲ့ ပေါ်လစီအရတော့ နိုင်ငံသားပြောင်းလို့လဲ ထင်သလောက် မလွယ်ကူတော့ပါဘူး။) ဒီနေရာမှာ နဂိုငွေကြေးကြွယ်ဝချမ်းသာပြီးသား မိသားစုကလာရင် PR အနေနဲ့ ဝယ်တာပိုကောင်းတယ်လို့ ထင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ Down Payment ပြည့်ဖို့ဘယ်လောက်ကြာအောင် ပိုက်ဆံစုရမယ်မှန်း မသိနိုင်ပါဘူး။ အဲဒီလိုလူမျိုးတွေအတွက် နိုင်ငံသားပြောင်းလိုက်တာ အမြန်ဆုံး အိမ်ဝယ်နိုင်တဲ့ နည်းဖြစ်လာပါတယ်။ နိုင်ငံသားပြောင်းသင့်မပြောင်းသင့်ဆိုတာနဲ့ ပတ်သတ်ပြီး လေ့လာချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်။
စာတမ်း(၁) စာတမ်း(၂)
စာတမ်းတစ်ခုက စင်္ကာပူရဲ့ အားနည်းချက်တွေကို ဦးစားပေးပြောထားတာတွေ့ရပြီး နောက်စာတမ်း တစ်ခုကတော့ နိုင်ငံတကာ သတ်မှတ်ချက်တွေနဲ့စင်္ကာပူကို သုံးသပ်ပြသွားပါတယ်။ ပြောင်းသင့် မပြောင်းသင့်ကတော့ မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ပဲ အဓိကသက်ဆိုင်ပါတယ်။ ကျွန်တော်အနေနဲ့ စဉ်းစားမိတဲ့ အချက်ကတော့ Identity Crisis ပါပဲ။ လွန်ခဲ့တဲ့ သုံးနှစ်ကျော် နိုင်ငံခြားသွားမယ်လို့ ဆုံးဖြတ်တဲ့ အချိန်ကတည်းက နှစ်ပေါင်းများစွာကြာလို့ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါ ကိုယ်နဲ့ အဆင်ပြေနိုင်ပါ့မလား ဆိုတာ တွေးခဲ့ဖူးပါတယ်။
အဲဒါကြောင့် အလုပ်လုပ်ရင်လည်း တစ်နေ့နေ့တစ်ချိန်ချိန်ကိုယ့်နိုင်ငံမှာ ပြန်လည် အသုံးချနိုင်မယ်ဆိုတဲ့ အလုပ်တွေကိုသာ လုပ်ဖို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာတော့ ကျွန်တော်တို့ ရွေးချယ်စရာ သိပ်မရှိသလို ဒီမှာ အလုပ်ဖြစ်နေတဲ့ အလုပ်မျိုးလည်း မြန်မာနိုင်ငံမှာ ဘယ်တော့ဖြစ်လာမလည်း ဆိုတာကို ဘယ်သူမှ တပ်အပ်မပြောနိုင်ပါဘူး။ နောင်အနှစ်နှစ်ဆယ်ကြာလို့ကျွန်တော်တို့မြန်မာနိုင်ငံပြန်ပြီး ဘာလုပ်ကြမလဲဆိုတာ တွေးသာတွေးပြီး အဖြေမရှိသေးပါဘူး။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဂငယ်ကွေ့ပြန်ကွေ့ရနိုင်ပါတယ်။
ဒါပေမယ့် ဒီနိုင်ငံမှာ တစ်သက်လုံးနေသွားဖို့ကျတော့ ပိုကြောက်လန့်မိပါတယ်။ အသက် လေးဆယ် ကျော်တာနဲ့ကိုယ်အတွက် ဘယ်သူတွေမှ ကြည်ကြည်ဖြူဖြူ နေရာပေးချင်တော့မှာ မဟုတ်တဲ့ အတွက်ပေါ့။ နိုင်ငံသားပြောင်းဖို့စဉ်းစားမယ်ဆိုလို့ရှိရင် လစဉ်အသုံးစားရိတ်၊ အိမ်ဝယ်လို့ လစဉ် သွင်းရမယ့်ငွေ၊ life insurance plan ဝယ်လို့ လစဉ် သွင်းရမယ့်ငွေ၊ CPF အတွက် နှုတ်ပြီး ကျန်တဲ့ငွေနဲ့ ကျွန်တော်တို့ဘာမှ ထပ်မံ စုဆောင်းနိုင်မှာ မဟုတ်ပါဘူး။ အခုလက်ရှိအတိုင်း မြန်မာနိုင်ငံက မိဘတွေကိုတောင် ထောက်ပံ့နိုင်ဖို့ ပိုမိုခက်ခဲ လာမယ်ထင်တယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့တတွေ စင်္ကာပူမှာနေပြီး စင်္ကာပူနိုင်ငံသားတွေလို ကိုယ့်အတ္တကို ရှေးတန်းတင်နေရတဲ့ ပုံစံတွေနဲ့ရှေ့ဆက်နေရမှာ မြင်ယောင်နေမိပါတယ်။
လေးစားစွာဖြင့်...
No comments:
Post a Comment