ရာဇဝင်များရဲ့သတို့သမီး (ထူးအိမ်သင်)
ရာဇဝင်ဟောင်းရဲ့ သင်္ချိုင်းရာ
ရာဇဝင်သစ်တို့ မွေးဖွားရာ
ရွှေရောင် နေ့သစ်များ အတွက်
ရင်ခုန်သူတို့ရဲ့ သီချင်းတွေ
ပျိုမြစ် စိမ်းလန်းရေး အတွက်
ယုံကြည်သူတွေ အသက်နဲ့
ထုဆစ်ခဲ့တဲ့ အိပ်မက်များ
ဧရာဝတီ . . . .
ရာဇဝင်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင်
ဧရာဝတီ . . . .
ရာဇင်ဝင်များရဲ့ သတို့သမီး ငါတို့ရဲ့ ဝိညာဉ်
ဧရာဝတီ . . . .
ဧရာဝတီနှင့် ပတ်သက်၍ စာများစွာ ရှိခဲ့ဖူးသည်။ ထိုစာများထဲ၌ ဆရာတိုက်စိုး၏ 'ဧရာဝတီ'ကို ပထမဆုံး ဖတ်ရှုခဲ့ရဖူးသည်။ 'ယဉ်ဧရာ ဖြူဖြူဖွေးရယ်က၊ တောင်ဘေးမှာ ခွေကာလည်တော့၊ ခရီးသည် ဟိုအကွေ့ကိုဖြင့်၊ ကျော်၍သာ မမြင်သော်လဲ့ မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့။' ဆရာဇော်ဂျီ၏ ကဗျာဖြင့် ဧရာဝတီ စာမျက်နှာများကို ဆရာတိုက်စိုးက စတင် ရေးသားခဲ့ပါသည်။ နောက်ထပ် ဖတ်ခဲ့ရသည်က ဆရာဗန်းမော်တင်အောင်၏ 'မြစ်ဧရာပေါ်ဝယ်' ဖြစ်ပါသည်။
ဧရာဝတီအကြောင်း ဖွဲ့သီသော သီချင်းများ၌ ခင်ဝမ်း၏ ဧရာဝတီက ကာလအတန်ကြာ ဖြတ်သန်း စီးဆင်းခဲ့ဖူးသည်။ ယနေ့ထိတိုင် စီးဆင်းနေဆဲ။ 'အေးမြတဲ့ မြောက်လေကြောင်းကိုဆန်ပြီး ပျံသန်းခဲ့တဲ့၊ ငှက်ကလေးတွေ၊
အလင်းရောင် မရှိမဲ့ ရှိမဲ့၊ ခရီး ဝေးကို ပျံသန်းခဲ့ရလို့ ပင်ပန်းခဲ့ပြီလား၊ ခရီးဖော် အပေါင်းအသင်းတွေနဲ့ မိုးမချုပ်မီ အိမ်ကိုပြန်ခဲ့ပြီ၊ ဧရာဝတီ၊ ဧရာဝတီ၊ ဧရာဝတီ'။
၁၉၉၁ ခုနှစ် အချိန်။ ထူးအိမ်သင်၏ 'အတ္တပုံဆောင်ခဲများ' အယ်လ်ဘမ် ထွက်ရှိလာခဲ့သည်။ 'အတ္တပုံဆောင်ခဲများ' မှာ ထူးအိမ်သင် ကိုယ်တိုင် အကြိုက်ဆုံးဟု ပြောဆိုခဲ့သည့် အယ်လ်ဘမ် ဖြစ်သည်။ ထိုအယ်လ်ဘမ်၌ 'ရာဇဝင်များ၏ သတို့သမီး' ပါလာခဲ့ပြီ။ ခင်ဝမ်း၏ ဧရာဝတီကဲ့သို့ ချိုမြမှုနှင့် အဆွေးဓာတ်ခံ နိုးထအောင် သယ်ဆောင်မသွားခဲ့ပေ။
ထူးအိမ်သင် နောက်ပိုင်း၌ ဇော်ဝင်းထွဋ်ကလည်း ဧရာဝတီ အကြောင်း သီချင်းသီဆိုခဲ့သည်။ 'ဧရာဝတီရယ် စီးဆင်းပါ... မျှော်လင့်ချက်ကမ်းခြေထဲ ငါလေ အရောက်သွားမလို့၊ လမ်းပြလှည့်ပါ'။ 'သက်ရှိမြစ်' အမည်ဖြင့်
လေးဖြူကလည်း ဧရာဝတီကို ဖွဲ့ဆိုခဲ့ပြန်သည်။
မည်သည့် အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်စေ နိုင်ငံနှင့် လူမျိုး၊ လူ့အဖွဲ့အစည်းအပေါ် တန်ဖိုးထားသည့် စိတ်။ ထိုစိတ်ဓာတ်များ ထုထည်ကြီးမားနေဆဲ ဖြစ်သည့် မျိုးဆက်၌ ထူးအိမ်သင် ဖြတ်သန်းခဲ့ပါသည်...
လူတစ်ဦး၏ ယုံကြည်ချက်နှင့် ခံယူချက်က ထိုသူ လုပ်ဆောင်သမျှ အရာအားလုံး၌ ထင်ဟပ်မှု ဖြစ်စေပါသည်။ 'ရာဇဝင်များရဲ့ သတို့သမီး' ကို ရေးသားချိန်၌ ထူးအိမ်သင်၏ အသက်မှာ ၂၇ နှစ် အရွယ်ခန့်သာ ရှိသေးသည်။
ဧရာဝတီ၏ သာမန်ဇာစ်မြစ်ကို ဖော်ကျူးခဲ့ခြင်း မဟုတ်။ အမျိုးသားရေး စိတ်ဓာတ်နှင့် နိုင်ငံအတွက် ဂုဏ်ယူလိုစိတ် ပြည့်နှက်နေသော လူငယ်တစ်ဦး၏ နှလုံးသား စည်းချက်များကို တွေ့ရှိခဲ့ပါရသည်။ ပုဂံသို့ ရောက်ရှိခဲ့စဉ် အချိန်၊ ကန်တော့ပလ္လင် ဘုရားထက်မှ ဧရာဝတီမြစ်ကို ကြည့်ရင်း ထိုသီချင်းကို ထူးအိမ်သင်က ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
''မြန်မာတွေ အဲဒီအချိန်က တိုးတက်ခဲ့တယ် ဆိုတာ လက်ရုံးရည်ရော၊ နှလုံးရည်ရော ရှေးမြန်မာကြီးတွေ ဘယ်လိုဘယ်လို ခက်ထန်ကြံ့ခိုင်တဲ့၊ အားကောင်းတဲ့ နှလုံးသားတွေနဲ့ ဘယ်လိုပျော့ပျောင်းတဲ့ နှလုံးသား၊ ဘယ်လိုသိမ်မွေ့တဲ့ ခံစားချက်တွေနဲ့ ဧရာဝတီမြစ်ဝှမ်းနယ်မှာ ကျွန်တော်တို့ ခုခေါ်နေတဲ့ မြန်မာနိုင်ငံကြီးကို ဘယ်လို တည်ဆောက်ခဲ့ကြတယ် ဆိုတာ ကျွန်တော်တို့ ရင်ထဲမှာ အရမ်းကို အံ့ဩပြီး လေးလည်းလေးစားမိတယ်။ ရှေးမြန်မာကြီးတွေအပေါ် အရမ်းကို ကြည်ညိုတဲ့စိတ်၊ ကျွန်တော့် ရင်ထဲမှာ ပြင်းပြင်းထန်ထန် ပေါ်လာခဲ့တယ်။ နောက် ရှေ့ဆက်သွားမယ့် ဧရာဝတီရဲ့သမိုင်းမှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ၊ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ ရှေ့ဘယ်လို ဖြစ်လာမလဲ ဆိုတာကို စိတ်ထဲမှာ ခင်းကျင်းကြည့်တာပေါ့။ ကျွန်တော်တို့ရဲ့ အိပ်မက်လေးတွေကို ပြပွဲခင်းကြည့်တဲ့သဘော၊ အကြောင်းအရာ ကတော့ အဲဒါပါပဲ'' ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၏ အင်တာဗျူးမေးခွန်းကို ထိုကဲ့သို့ပင် ထူးအိမ်သင်က ဖြေကြားခဲ့ဖူးသည်။
ပုဂံမှ ပြန်ရောက်ခဲ့ပြီးချိန်မှာပဲ 'ရာဇဝင်များရဲ့ သတို့သမီး' ကို ထူးအိမ်သင်က ရေးသားခဲ့သည်။ သံစဉ် ပြီးသွားချိန်၌ သီချင်းစာသားက တစ်ကြောင်းတည်းသာ ရရှိသေးသည်။
'ကွယ်လွန်ပြီးသော အိပ်မက်များ'။
ထိုတစ်ကြောင်းတည်းကိုပင် ညလုံး ပေါက် ထိုင်ရေးခဲ့ခြင်း ဖြစ်သည်။ အိုအေစစ် စတူဒီယို၌ မပြီးမချင်း ရေးသားခဲ့သည်။ သီချင်းတစ်ပုဒ်လုံး ပြီးသွားချိန်တွင် အချိန်က တစ်လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ကွယ်လွန်ပြီးသော အိပ်မက်များ
ထာဝစဉ် လဲလျောင်း အိပ်စက်ရာ
ဣန္ဒြေကြီးမားလွန်းတဲ့
ဒီမြေမှာ တို့ရဲ့ သွေးတွေ
ဖြတ်သန်းရင်းနဲ့ စီးဆင်း
သူဟာ
ရာဇဝင်များရဲ့ လျှို့ဝှက်ချက်တို့
သိမ်းဆည်းထား
ဧရာဝတီ . . . .
ရွှေအတိပြီးသော မြို့ပြများ
အစဉ်အလာ ကြီးမားခဲ့ကြရာ
ရာဇဝင်ဟောင်းရဲ့ အမှတ်တရ
ဒီမြေဟာ တို့ရဲ့အမိမြေ
ယဉ်ကျေးမှုရဲ့ နှလုံးသား
ရှင်သန်စေသူ တန်ခိုးရှင်
အခမ်းနားဆုံးသော သက်ရှိကဗျာ
ဧရာဝတီ . . .
ထူးအိမ်သင် အကြောင်း ပြောမည် ဆိုပါက ထူးအိမ်သင် ဖြတ်သန်းခဲ့သော ခေတ်ကို ပြောရပါမည်။
မည်သည့် အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်စေ နိုင်ငံနှင့် လူမျိုး၊ လူ့အဖွဲ့အစည်းအပေါ် တန်ဖိုးထားသည့် စိတ်။ ထိုစိတ်ဓာတ်များ ထုထည်ကြီးမားနေဆဲ ဖြစ်သည့် မျိုးဆက်၌ ထူးအိမ်သင် ဖြတ်သန်းခဲ့ပါသည်။ ကိုယ်ကျိုးစီးပွားကို ရှေ့တန်း မတင်သော မျိုးဆက်။ လုပ်သင့်တာ လုပ်ဆောင်ခဲ့သည့် မျိုးဆက်။ လုပ်ရပ်တိုင်း၌ အကျိုးအမြတ် မည်မျှရမည်ကို မစဉ်းစားခဲ့ဘဲ လုပ်စရာ ရှိသည်များကို ယုံကြည်ရာ အတိုင်း လုပ်ဆောင်ခဲ့ကြသည့် မျိုးဆက်။
ထိုလုပ်ဆောင်မှုများက နောင်တစ်ချိန်တွင် တန်ဖိုးရှိသော လုပ်ရပ်များ ဖြစ်လာစေခဲ့ပါသည်။
ကိုယ်ကျိုးစီးပွား ဖြစ်ထွန်းမှုကို မစဉ်းစား၊ ယုံကြည်ရာနှင့် ယုံကြည်ချက်ကို အခိုင်အမာထားပြီး ဘဝကို လျှောက်လှမ်းခဲ့ကြသူများတွင် ထူးအိမ်သင်လည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့ပါသည်။
ထူးအိမ်သင်၏ ဘ၀ ဖြတ်သန်းမှုနှင့် သီချင်းများအကြောင်း ပြောမည်ဆိုပါက များစွာ ရှိနေမည် ဖြစ်ပါသည်။ 'နာရီပေါ်က မျက်ရည်စက်များ'၊ 'ဝေးသွားတဲ့အခါ'၊ 'ညီလေးရေ'၊ 'နာရီရဲ့သီချင်း'၊'သူငယ်ချင်းအတွက်'၊'သက်ငြိမ်'၊
'ဂျပ်ဆင်ထိပ်ကလရိပ်ပြာ'၊ 'ရင်ခုန်အချစ်'၊ 'ရာဇဝင်များရဲ့သတို့သမီး'၊ 'အမေ့ရဲ့ ဒုက္ခအိုးလေး'၊ 'အမေ့အိမ်'၊ 'ဗင်းဆင့်ဗင်ဂိုးတမ်းချင်း'၊ 'မြို့ပြညများနှင့် မဟာဝီရအိုဗုဒ္ဓ'။ ထိုသီချင်းများ အပြင် အခြားသော သီချင်းများစွာက မှတ်တိုင်များ အဖြစ် ရှိနေခဲ့ပါသည်။
၁၉၈၇ ခုနှစ်တွင် ထွက်ရှိခဲ့သော ထူးအိမ်သင်၏ ပထမဆုံး အယ်လ်ဘမ်။ 'နာရီပေါ်မှမျက်ရည်စက်များ'။ ထို အယ်လ်ဘမ်၌ အသက် ၁၇ ကျော်၊ ၁၈ နှစ်အရွယ် အချိန်များက ရေးသားခဲ့သော သီချင်းများ ပါဝင်ခဲ့သည်။ အယ်လ်ဘမ် မထွက်မီက ပရိသတ်များ အကြား ပျံ့နှံ့ရောက်ရှိနေသည့် ထိုသီချင်းများက ထူးအိမ်သင်၏ သမိုင်း အစကို လှစေခဲ့သည်။ သီချင်းစာသားများ၏ အဓိပ္ပာယ် လေးနက်မှုနှင့် ကိုယ်ကျိုးမဖက်သော လူငယ်တစ်ဦး၏ ယုံကြည်ချက်နှင့် စိတ်ဓာတ်ကို တွေ့ရှိလိုက်ရခြင်းကြောင့် ဖြစ်ပါသည်။
''နာရီပေါ်မှ မျက်ရည်စက်များ'' သီချင်းခွေသည် စတီရီယို ဂီတသမိုင်းတွင် အရေးကြီးသော မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ အရေးကြီးသော ပထမ မှတ်တိုင်တစ်ခုမှ ၁၉၇၅ ခုနှစ်က ပေါ်ပေါက်ခဲ့သော စိုင်းခမ်းလိတ် ရေးသားပြီး
စိုင်းထီးဆိုင် သီဆိုခဲ့သည့် ကိုယ်ပိုင်သံစဉ် သီချင်းများ ဖြစ်ပါသည်။ The Wild Ones တေးဂီတ အဖွဲ့၏ ကိုယ်ပိုင်သံစဉ် ခေတ်တစ်ခေတ်လို သက်ဝင် လှုပ်ရှားစေခဲ့သော အားထုတ်မှုကြီး အပြီး ဒုတိယမြောက် ပြောင်းလဲမှုကြီး တစ်ခုကို ထူးအိမ်သင်က စတင်လိုက်ပြန်သည်။ ကိုယ်ပိုင်သံစဉ် တေးသီချင်းတို့၏ ကိုယ်ရည်ကိုယ်သွေးကို နောက်တစ်ဆင့် မြင့်တက်စေခဲ့သည်။ ပုံသဏ္ဌာန် အပိုင်း၊ တင်ဆက်မှုအပိုင်း၊ ဒဿန အပိုင်း၊ ခံစားမှုရသပေးနိုင်ပုံ အထိ အစစ အရာရာ သိသိသာသာ ပြောင်းလဲသွားသည်။ နာရီပေါ်မှ မျက်ရည်စက်များ နောက်ပိုင်း ဆက်ထွက်လာသော မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက် စသည့် သီချင်းခွေများဖြင့် ကိုယ်ပိုင်သံစဉ် လူငယ်ထု အပေါ် ဩဇာ သက်ရောက်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်''ဟု တေးရေး မောင်သစ်မင်းက ထိုသို့ မှတ်ချက်ချခဲ့ဖူးသည်။
မွန်စစ်သူကြီး လဂွန်းအိမ်၏ အမည်မှ 'အိမ်' ကိုယူပြီး ထူးအိမ်သင် ဖြစ်လာသူ၊ ကျွန်တော်က ပဝတ္တိသား၊ ဇာတိက ပုသိမ်လို့ ပြောတတ်သူ၊ မြို့မငြိမ်းလို ဖြစ်ချင်သူ၊ ရွှေဥဒေါင်းကို စွဲလန်းသူ၊ ကဗျာများကို ချစ်တတ်သူ၊ 'ထင်းရှုးပင်ရိပ်'ကို စွဲလန်းသူ၊ ထိုးမြဲလက်မှတ်တိုင်း၌ 'ချစ်ခြင်းအားဖြင့်'ဟု ရေးသားတတ်သူ၊ ဧရာဝတီကို ချစ်တတ်သူ။
၂၀၀၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့ အသက် ၄၂နှစ် အရွယ်မှာ ထူးအိမ်သင် ကွယ်လွန်ခဲ့သည်။ ယခုနှစ် ဩဂုတ်လ ၁၄ ရက်။ ထူးအိမ်သင် ကွယ်လွန်ခဲ့သည်မှာ ခုနှစ်နှစ်ရှိခဲ့ပြီ ဖြစ်ပါသည်။ ထူးအိမ်သင်၏ စိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ရာနှင့် သီချင်းများက ရှင်သန်နေဆဲ ဖြစ်ပါသည်။
မှီငြမ်း။ ထူးအိမ်သင်အမှတ်တရ အစိမ်းရင့်ရောင်ရက်စွဲများ စာအုပ်၊ ထူးအိမ်သင် တေးပေါင်းချုပ်။
ရာဇဝင်များရဲ့သတို့သမီး... ဧရာဝတီကို ချစ်ခဲ့သူ
Written by နေထွန်းနိုင် (Eleven Media Group)
No comments:
Post a Comment